Pages

Monday, February 11, 2013

***ဗိုလ်ချုပ်ပေးတဲ့ ပြည်ထောင်စုနေ့***



ရှေးရာဇ၀င် သမိုင်းတွင်၏
ပေါ်လွင်ထင်ရှား ညီနောင်ဖွားတို့
သွေးသားရင်းနှယ် ပေါင်းစုတွယ်၍
မျိုးနွယ်စုတွေ လက်တွဲနေသည်
မသွေမပျက် သွေးစည်းလျှက်။

သီပေါမင်းသား နန်းကျသွားသော်
ခွဲခြားခံရ ဗြိတိသျှ၏
ဝါဒဖြန့်ကာ အုပ်ချုပ်တာကြောင့်
မြန်မာပြည်တွင်း ညီနောင်ချင်းတို့
စိတ်ရင်းကွဲကာ သွေးပျက်လာ။

နှစ်ပေါင်းများစွာ ကြိုးစားလာလည်း
သေချာစုစည်း သွေးမနီးတော့
အချည်းနှီးသာ ဖြစ်ရရှာ၏
နောင်လာအုပ်ချုပ် ဂျပန်စုတ်ကို
မောင်းထုတ်တွန်းလှန် စုရုံးပြန်တော့
မြန်ဆန်စွာပင် အောင်ပွဲဆင်။

ဖခင်ဗိုလ်ချုပ် ခေါင်းဆောင်လုပ်၍
ဇွဲထုတ်ကြိုးစား စည်းရုံးအားကြောင့်
စိတ်ထားညီထပ် ရင်ချင်းအပ်၍
လွတ်လပ်ဖို့ရေး ဆွေးနွေးစဉ်ဝယ်
အရင်ရွေးချယ် သီးခြားဖယ်ချင်
လီဆယ်နှိပ်ချ ဗြိတိသျှကို
ပြည်မတောင်တန်း မခွဲခြမ်းပဲ
ဖြောင့်တန်းစွာပေး ရရှိရေးသာ
တလေးတစား တောင်းဆိုရှာ။

ဖေဖော်ဝါရီ ဆယ့်နှစ်ဆီရောက်
ညီညီညာညာ ပင်လုံမှာစု
ရေးကာလက်မှတ် ပေါင်းစုရပ်တည်
စိတ်မြတ်ဂုဏ်ရောင် လမ်းပြဆောင်သည့်
ပြည်ထောင်စုနေ့ စကြုံတွေ့။

တောင်တန်းပြည်မ ပေါင်းစည်းကြကာ
ပြည်ရွာအကျိုး လက်မှတ်ထိုး၍
မျိုးရိုးဂုဏ်ရောင် ဆင့်ကဲဆောင်သည့်
ပြည်ထောင်စုနေ့ ရှိခဲ့၍သာ
တွေ့ကြုံမနှေး လွတ်လပ်ရေးကို
ငြိမ်းအေးချမ်းသာ ရလာတာမို့
ဘယ်ခါမရွေ့ ရက်မြတ်နေ့ကို
မမေ့အပ်ရာ မှတ်သားပါ။..
(ယနေ့မြတ်မှာ ထပ်ကြားမှာ)............(လရိပ်လေး)

No comments:

Post a Comment