Pages

Saturday, January 25, 2014

ဆရာမကြီး မေကျော့ရှင်း နဲ့ ခနတာ


ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတော်များများဟာ အင်တာနက်ကို သုံးစွဲနေကြပြီ ဖြစ်တယ်။ အင်တာနက်ကနေ တစ်ချို့သောသူတွေက အကောင်းကို ယူတတ်ကြသလို အဆိုးကို ယူနေကြသူတွေလဲ အများကြီးပါပဲ။ အင်တာနက်ကနေ တဆင့် ခင်မင်ရတဲ့သူတွေဟာ စိတ်ထားမြင့်မြတ်သူရှိသလို စိတ်ထားမကောင်းသူလဲ ရှိတတ်ပါတယ်။ အင်တာနက်ကြောင့် ပျက်စီးခဲ့ရသူတွေလဲ ရှိလိမ့်မယ်ထင်ပါရဲ့။

ဒါပေမဲ့ ကျွန်မအတွက်တော့ အင်တာနက်ဆိုတာ တကယ့်ကျေးဇူးရှင်ပါ။ ကျွန်မဟာ စာပေကို ဖတ်ရုံကလွဲပြီး စာရေးတာ ၀ါသနာ မပါခဲ့ပါဘူး။ ဘ၀ကို အခန်းအောင်းရင်း အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေခဲ့တာပါ။ တစ်နေ့တော့ အင်တာနက်သုံးရင်း ဆရာတော်တစ်ပါးနဲ့ ခင်မင်ခွင့်ရခဲ့ပြီး စာရေးဖို့ တိုက်တွန်းရာကနေ စာတွေ ရေးဖြစ်ခဲ့ပါတယ်။ စာပေနဲ့ ပတ်သက်တာတွေလည်း ရှာဖွေကူညီ ပေးခဲ့ပါတယ်။ ကဗျာလေးတွေ လိုက်ရေးရင်း ဖေ့ဘုတ်ကနေတဆင့် စာရေးဆရာကြီးတွေ သိကျွမ်းခဲ့ရပြီး ကဗျာကို အဓိကရေးဖြစ်ခဲ့သလို ဘာသာရေး ဆောင်းပါးတွေ စရေးဖြစ်ခဲ့ပါတယ်။

အင်တာနက်ကတဆင့်သိရတဲ့ စာရေးနည်းသင်တန်း တက်ခွင့်ရခဲ့တယ်။ အိမ်မက်တောင် မမက်ရဲခဲ့တဲ့ ပညာရှိ စာရေးဆရာကြီးတွေနဲ့ ဆုံတွေ့ခွင့် ရခဲ့တယ်။ စာရေးဆရာကြီးတွေရဲ့ မြင်ြ့မတ်တဲ့ စိတ်ထားတွေကို မြင်တွေ့ခွင့်ရခဲ့တယ်။ ဒါ့အပြင် ကျွန်မ ဖေ့ဘုတ်ကနေ ဆရာကြီး တက္ကသိုလ် ဘုန်းကြွယ်ကို ခင်မင်ခွင့်ရခဲ့ပါတယ်။ ဆရာက အမေရိကားမှာ နေထိုင်ရင်း ဖေ့ဘုန်ကနေ ကျွန်မကို ကဗျာရေးတာတွေ သင်ပေးခဲ့ပါတယ်။ မြန်မာပြည် ပြန်လာရင်လည်း တပည့်တစ်ယောက်အနေနဲ့ တွေ့ဆုံဖို့ အခွင့်ရေးပေးထားပါတယ်။

ဆရာကြီးပြန်မလာခင် (၂၃ .၁ .၂၀၁၄)နေ့က ဖေ့ဘုတ်ကနေ ရက်ပိုင်းလောက်သာ ခင်မင်ခွင့်ရသေးတဲ့ စာရေးဆရာမကြီး မေကျော့ရှင်းနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ ဆရာမကြီးကို ကျွန်မ ရွှေဂုံတိုင်က Excel Tower ဟိုတယ်မှာ ဆရာမကြီး ဖိတ်ခေါ်မှုနဲ့ သွားရောက် တွေ့ဆုံခဲ့တာပါ။ တစ်ခါမှ မဆုံဘူးသေးတဲ့ ကျွန်မကို ဆရာမကြီးက သမီးအရင်းလေးလို နွေးထွေးစွာ ပွေ့ဖက်ပြီး ကြိုဆိုပါတယ်။ ဆံညှပ်ကလစ်လေး လက်ဆောင်ပေးပါတယ်။
ဆရာမကြီးဟာ Bangkok University နဲ. Radio Thailand မှာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ဘွဲ့ထူးတွေ ကျွန်မ ဘာမှ မသိရပေမဲ့ ဆရာမကြီးရဲ့ ပညာရှိစိတ်ဓာတ် အဆင့်တန်းမခွဲခြားတဲ့ စိတ်ဓာတ်ကိုတော့ အထင်းသား မြင်ခဲ့ရပါတယ်။

ကျွန်မ ပြန်လာခါနီးမှာ မြန်မာနိုင်ငံစာရေးဆရာအသင်းက အတွင်းရေးမှူးနဲ့ အဖွဲ့က လာရောက်တွေ့ဆုံတာကို ကြုံတွေ့ခဲ့ရတယ်။ မအားလပ်တဲ့ကြားက လမ်းဘေးက ကျွန်မလိုကောင်မလေး တစ်ယောက်ကို ကဗျာရေးတယ်-ဆိုတာလေးနဲ့ လေးစားပြီး ဆရာမကြီးက ဖိတ်ခေါ်တွေ့ဆုံတယ်ဆိုတော့ တကယ့်ပညာရှိ စာရေးသူတွေကိုဆို ဆရာမကြီး ဘယ်လောက်များ အလေးထားလိုက်မလဲ ဆိုတာ မပြောတတ်အောင်ပါပဲရှင်။ ဆရာမကြီးကို လေးစားလွန်းလို့ ပြန်လာခါနီးမှာ ဓာတ်ပုံတွဲရိုက်လာခဲ့ပါတယ်။ တလမ်းလုံးလည်း ပျော်လွန်းလို့ အရုးတစ်ယောက်လို သီချင်းတွေ ဆိုဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မလိုပဲ မိတ်ဆွေတွေလည်း အင်တာနက်ကနေ လေးစားစရာကောင်းတဲ့ ဆရာသမားတွေ အခွင့်လမ်းတွေ မိတ်ဆွေကောင်းတွေ တွေ့ရှိပါစေလို့ ဆန္ဒပြုရင်း ဆရာမကြီး နဲ့ တွဲရိုက်ထားတဲ့ ပုံလေးကိုတင်လိုက်တာပါ။

ဖေ့ဘုတ်က ဆရာတော်များနဲ့ မိတ်ဆွေများကို လေးစားလျှက်

လရိပ်လေး(မောင်းမကန်)
(၂၅. ၁. ၂၀၁၄)

No comments:

Post a Comment