Pages

Sunday, January 19, 2014

“ပန်းရတု” သုတရသစာစုများ စာအုပ်မိတ်ဆက်ပွဲအခမ်းအနား (၁၉- ၁- ၂၀၁၄)



ဒီနေ့လေးကတော့ ကျွန်မရဲ့ အမှတ်တရ နေ့စွဲပေါ့။ စာရေးနည်းသင်တန်းအမှတ်စဉ် (၄)သင်တန်းသားတွေရဲ့ ကဗျာ ဆောင်းပါး ၀တ္ထုတိုတွေ စုပေါင်းရေးသားထားတဲ့ ပန်းရတု စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာပါ။ ကိုယ်တိုင်ရေး ၀တ္ထုတိုတစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ် ပါခွင့်ရတာကို ဖော်မပြနိုင်အောင် ပျော်ရွှင်မှုတွေရခဲ့ပါတယ်။



ဆရာမကြီး ကြူကြူသင်း အပင်ပန်းခံဦးဆောင်ပြီး စာရေးနည်းသင်တန်းက ဆရာတွေ ၀ိုင်းဝန်းကူညီ ထုတ်ဝေပေးခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ဆရာကြီး လယ်တွင်းသားစောချစ်က အဖွင့်မှာစကား ပြောကြားပေးခဲ့ပါတယ်။ ဆရာကြီး လယ်တွင်းသားစောချစ်က သူ၏စာမူ ပထမဆုံးပါဝင်ခဲ့စဉ်က ပျော်ရွှင်ရတဲ့အကြောင်း သူငယ်ချင်းတွေကို ကြွားခဲ့တဲ့အကြောင်းလေးကို ပြောပြရင်း စာရေးဆရာတွေရဲ့ ပထမဆုံးပုံနှိပ်ထုတ်ဝေ ခံရတဲ့အချိန်အမှာ ခံစားရတဲ့ ခံစားမှုလေးကို ပြောပြသွားခဲ့ပါတယ်။





ဆရာကြီးပြောလို့ အပြီးမှာ ဆရာမနုဿကျော်ဝင်းက စင်ပေါ်ကို တက်လာပါတယ်။ ဆရာ့လက်ထဲမှာ အရုပ်ကလေး တစ်ရုပ်ပါလာပါတယ်။ ကျွန်မ စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သွားတယ်။ ဆရာက စာရေးဆရာတွေနဲ့ ပတ်သက်ပြီး ပြောမဲ့စကားနဲ့ အရုပ်ကလေးနဲ့ ဘာဆိုင်လဲပေါ့။ ဆရာက မိုက်ရှေ့ ရောက်တာနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ဆရာ့အရုပ်ကလေးကလည်း ဆရာပြောတဲ့ အတိုင်း လိုက်ပြောပါတယ်။ ကျွန်မ နားမလည်နိုင်သေးပါဘူး။ ဆရာဘယ်လိုရည်ရွယ်ချက်နဲ့ ဒီအရုပ်ကို လိုက်ပြောခိုင်းနေတာလဲပေါ့။ ကျွန်မ ပိုစိတ်ဝင်စားလာတယ်။ စောင့်ကြည့်နေပေမဲ့ အဖြေမရလာပါဘူး။ ဆရာက စာပေအကြောင်းတွေ ဆက်ပြောသွားပါတယ်။ ပြီးမှ စာရေးဆရာတွေရဲ့ စာတွေဟာ တကယ်လေးစားဖို့ ကောင်းပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာရှိတဲ့ ပညာရှင်တွေအားလုံးဟာ လိုချင်တဲ့အရာအားလုံးနီးပါးကို စက်ကိရိယာတွေ အရုပ်တွေနဲ့ တူညီအောင် ဖန်တီးလို့ရတယ်တဲ့။ ဒါပေမဲ့ ကဗျာတစ်ပုဒ် ဆောင်းပါးတစ်ပုဒ် ၀တ္ထုတစ်ပုဒ်ကို ဘယ်ပညာရှင်ကမှ စက်ကိရိယာတွေနဲ့ ဖန်တီးလို့မရနိုင်ဘူးတဲ့။ ခံစားမှုနဲ့ ပညာပေါင်းပြီး ကိုယ်တိုင်ရုပ်လုံးပေါ်အောင်ရေးမှ ရလို့ပါတဲ့။ ဒါကြောင့်ကမ္ဘာမှာ အတော်ဆုံးက စာရေးဆရာတွေပါတဲ့။

အဲလိုပြောလိုက်မှ ဆရာအရုပ်ကလေး ယူလာတဲ့အကြောင်းရင်းကို သိရသလို ကျွန်မလေးစားရတဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ တုမမှီနိုင်တဲ့ အတွေးခေါ်တစ်ခုကို တွေ့ရှိလိုက်ရတော့တယ်။ ဒါကြောင့် စာရေးသူတွေအတွက် အင်အားဖြစ်စေမဲ့ ဆရာ့ရဲ့စကားလေးကို ပြန်လည်မျှဝေလိုက်တာပါ။ စာပေ၀ါသနာရှင် အားလုံးစာပေကို အလေးထား ဖတ်ရှုရေးသားရင်း အမြင့်မြတ်ဆုံးသော စာရေးဆရာ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

လရိပ်လေး(မောင်းမကန်)
(၁၉- ၁- ၂၀၁၄)


No comments:

Post a Comment