Pages

Friday, October 7, 2016

***အနည်ထိုင်ခွင့်***


နှလုံးသားသည်
တအုံ့နွေးနွေး ရှိစဉ်
သံယောဇဉ် လေရူးတို့ကြောင့်
အတွေးတို့ လွင့်မြူးခဲ့ဘူး၏၊


ကာလတို့ စီးဆင်းမြဲ
နေသားကျ ဘ၀ထဲတွင်
နစ်မျောပျော်ဝင်မိသောအခါ
ကျမ နှလုံးသားတို့
အနည်ထိုင်စ ပြုလေပြီ။

ဥပေက္ခာ ရပ်ဝန်းတွင်
နေသားမကျသေးသည့်တိုင်
အပြုံးတရားတို့
ခပ်ပါးပါးလွင့်မျောသည်အထိ
စိတ်ရှည်စွာ စောင့်ဆိုင်းဖို့
မသိစိတ်က စေ့ဆော်တိုက်တွန်းသော်ငြား
ေ၀၀ါးသော အတိတ်တို့က
နှိုးလှုပ်ကြည်စယ်ကြပြန်သည်။

ဘ၀တို့သည်
ဝေးသွားလိုက် နီးလာလိုက်
အတွေးလိုလို အိပ်မက်လိုလို ဘ၀ထဲ
စိုးမိုးမှုတွေကို ရှာဖွေနေသည်လား
မသိတော့။

ကာလ ကမ်းပါးတို့
ဝေးကွာခြင်း လှိုင်းတို့ ရိုက်ပုတ်သောအခါ
ဥပေက္ခာ မြေပုံများ
အတိတ်ကမ်းပါးတနေရာမှာ
ကျန်ရစ်ခဲ့ ချန်ရစ်ပစ်ခဲ့ချင်ပါသည်။

ကျမ၏ နှလုံးသားတို့ကို
အနည်ထိုင်ခွင့် ပြုလိုက်ပါရစေတော့။

လရိပ်လေး (မောင်းမကန်)
7.10.2016
http://layeiklay.blogspot.com/

No comments:

Post a Comment