Pages

Sunday, April 6, 2014

***ရောင်ပြန်***


ဒိုင်း …..ဒိုင်း……ဒိုင်း……..
သေနတ်သံများကြား ရုန်းရင်းဆန်ခတ် ပြေးလွှားသူများနှင့် အော်သူကအော် ဈေးဆိုင်သိမ်းသူက သိမ်းဖြင့် မောင်းမကန်ရွာ၏ မနက်ခင်းဈေးလေး ပွက်လောညံသွားတော့၏။

“ဗိုလ်ကြည်အောင်တို့ လာတယ်ဟေ့၊ မြန်မြန်လုပ်ကြ၊ တော်ကြာမဆိုင်သူတွေ အဖမ်းခံနေရမယ်၊ ငါတို့ရွာလည်း ဒုက္ခပဲ၊ သူပုန်ကိုကြောက်ရ စစ်တပ်ကိုကြောက်ရနဲ့ ဘယ်တော့များမှ အေးအေးဆေးဆေးနေရပါ့မလဲနော်”
ဆိုင်ဘေးနားက ဒေါ်တုတ် ညည်းညူရင်း ကပျာကယာ ဆိုင်သိမ်းနေ၏။

ကျွန်မလည်း ပြေးလွှားနေကြသော လူများကို ကြည့်ပြီး ငိုင်နေမိရာ
“ဟဲ့ သမီး.. ဘာလုပ်နေတာလဲ၊ လာကူသိမ်းလေ၊ ဒီကလေးမ တော်တော်ခက်ပါလား၊ သေနတ်သံကိုများ ဇာတ်ပွဲက သီချင်းဆိုပြတယ်ထင်နေလား”
“ဟုတ်ကဲ့ အမေ ကျန်တာတွေ သမီး သိမ်းလိုက်မယ်”
ကျွန်မ အမေ့ကို အမြန်ကူသိမ်းပြီးသည်နှင့် အိမ်ကို အမြန်ပြန်ကြ၏။

* * *

ရွာထိပ်က သေနတ်သံများ ဈေးနားကို နီးလာသည်။ အမေ့ ခြေလှမ်းများက ပိုပိုမြန်လာ၏။ အမေ့လက်ကို ပြေးဆွဲရင်း ...
“အမေ ဗိုလ်ကြည်အောင် ဆိုတာ ဘယ်သူလဲ ”
“အော် သူပုန်ခေါင်းဆောင်လေ သမီးရဲ့၊ ရွာကိုလာပြီး လိုအပ်တဲ့ အကူညီတောင်းတယ်၊ သေနတ်က အချက်ပေးတာ ရွာသားတွေကို မပြစ်ဘူး”
“ဒါဆို ဘာလို့ ပြန်ပြေးကြတာလဲ အမေ”
“သူတို့ကို ကြောက်လို့ ပြေးတာမဟုတ်ဘူး သမီးရဲ့၊ သူတို့လာမှန်းသိရင် စစ်တပ်တွေက လာဖမ်းကြတာ၊ ဒါဆို ရွာသားတွေပဲ နာတာ၊ ဒါကြောင့် ပြေးရှောင်ကြတာ၊ လာ လာ စကားတွေ သိပ်မရှည်နေနဲ့၊ အိမ်မြန်မြန်ရောက်မှ စိတ်ချရမှာ”
အမောက ပြောရင်း ခပ်သွက်သွက်လျှောက်သဖြင့် ကျွန်မလည်း သွက်သွက်လျှောက်၍ မပြေးရုံတမယ် လိုက်ရ၏။

အိမ်ရောက်သောအခါ အဖေက ပင်လယ်ထွက်ပြီး ငါးဖမ်းရာမှ ပြန်ရောက်နေသည်။
“ယောက်ျားရေ၊ ကောက်ညှင်းပေါင်းတွေ မကုန်ဘူးတော့၊ ကြည်အောင်တို့ ၀င်လာလို့ ပြေးလာရတယ်။”
“မိန်းမရယ်၊ ကြည်အောင်တို့က ဘာမှမလုပ်ပဲ ဘာကိုကြောက်တာလဲ၊ ကြောက်ရင်းကြောက် စစ်သားတွေကို ကြောက်ရမှာ မိန်းမရဲ့။”
“ဟုတ်တော့ ဟုတ်တယ်၊ အခုက ကြားက မြေဇာပင်ဖြစ်မှာကို ကြောက်တာရှင့်။ ခဏနေ စစ်တပ်က လာတော့မှာလေ၊ တိုက်ကြ ခိုက်ကြရင် ဘယ်နှယ်လုပ်မတုန်း၊ စိတ်ညစ်ပါရဲ့ရှင်၊ ရွာကလူတွေများ စစ်သားဆိုရွံမုန်းလွန်းလို့၊ ဘယ်နှယ့်တော် ရာထူးကို ဗန်းပြပြီး ခိုင်းချင်ရာခိုင်း၊ တောင်းချင်ရာတောင်း၊ ထစ်ခနဲဆို ဖမ်းဟယ် ဆီးဟယ်နဲ့ သူတို့ပဲ ကြောက်နေရတာ။”

အဖေနှင့်အမေ ပြောနေသည်ကို နားမလည်သဖြင့် ငေး၍သာ ထိုင်နေမိသည်။
ထိုအချိန်သည် (၁၉၈၈)ခုနှစ် ဖြစ်ပြီး ကျွန်မသည် ပဉ္စမတန်းတက်နေပြီ ဖြစ်သည်။ ဆရာမ ပြောပြ၍ “သူပုန်များက တိုင်းပြည်ကို ဖျက်ဆီးကြသည်၊ စစ်သားများသည် တိုင်းပြည်ကို ကာကွယ်ကြသည်”ဟု သိရ၏။ ယခုတွင်ကား ဘာကြောင့်ရယ်မသိ ရွာသူရွာသားများသည် သူပုန်များအား အကောင်းမြင်ပြီး စစ်သားများကို မုန်းတီးကြောက်ရွံ့နေကြ၏။ မုန်းသည်ချစ်သည်များကို မသိသော်လည်း ကျွန်မသည် တစ်ရွာလုံးသေနတ်သံကြောင့် စိတ်ညစ်နေရသည့်အချိန်တွင် အရမ်းပျော်နေတတ်၏။ အဘယ်ကြောင့်ဆိုသော် သေနတ်သံကြားရသည့်နေ့တွင် ကျောင်းမတက်ရသောကြောင့် ဖြစ်သည်။

* * *

ကျွန်မ အပျော်တွေ သိပ်မကြာပေ။ ရွာထဲတွင် သေနတ်သံများ ပျောက်သွားပြီး ရွာဆော် ကိုဘမောင်၏ အသံကို ကြားလိုက်ရ၏။

“မောင်းမကန်ရွာ အတွင်း၌ နေထိုင်ကြကုန်သော ရွာသူရွာသားအပေါင်းတို့ ခင်ဗျာ၊ အရေးပေါ် အစည်းအဝေးရှိပါသဖြင့် သူကြီးအိမ်သို့ နေ့လယ်တစ်နာရီ အရောက်ကြွရောက်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။ မလာရောက်ပါက မိမိတာဝန်သာဖြစ်ကြောင်း ထပ်မံတင်ပြအပ်ပါသည်။” ပုံ / သူကြီး ဦးဘိုကြိုင်

အသံနေ အသံထားကောင်းကောင်းဖြင့် တစ်လမ်းဝင် တလမ်းထွက် လိုက်အော်ခြင်း ဖြစ်သည်။

“ပြောမဆုံးဘူးမလား၊ စစ်တပ်တွေလာပြီထင်ရဲ့၊ ဆူပူကြိမ်းမောင်း လုပ်ပြန်တော့မယ်၊ အော် ဘ၀ ဘ၀ ၀ဋ်ကြွေးတွေ မကုန်နိုင်ပါလားနော်။”
အမေက ငြီးငြီးငြူငြူ ပြောသည်။

“မိန်းမရေ၊ သွားသာ သွားလိုက်ပါကွာ၊ သူတို့မင်း သူတို့ခေတ်ပဲ၊ လုပ်တာခံရမှာပေါ့ကွာ။”
“အမေ သမီးလည်း လိုက်မယ်နော်”
“လိုက်ချင်လိုက်ပေါ့အေ၊ စစ်တပ်ဆိုတာ သိအောင် ပြထားမယ် နင့်ကို”

စစ်တပ်ဆိုသည်ကို အသံသာကြားဖူးသည်။ တစ်ခါမှမမြင်ဖူးချေ။ ရွာသားများ မုန်းတီးနေသည့် စစ်တပ်အား တစ်ဝကြီး ကြည့်မည်ဟု တွေးနေမိ၏။

နေ့လယ်တစ်နာရီ ကျွန်မနှင့် အမေ သူကြီးအိမ်သို့ ရောက်သည်။ ယူနီဖောင်းအပြည့်စုံနှင့် စစ်သားများ သေနတ်ကို ဟန်ပါပါကိုင်ပြီး ဥက္ကဌ ခြံဝင်းအတွင်း၌ အသီးသီးနေရာယူထားကြ၏။ သူကြီးနှင့် လက်မောင်းမှာ အရစ်အများကြီး တပ်ထားသူက ကုလားထိုင်မှာ ဟန်ပါပါ ထိုင်နေ၏။
ရွာသူရွာသားမျာက မြေပြင်ပေါ်မှာ ကျုံ့ကျုံ့လေး ထိုင်နေကြသည်။

“သမီး စကားမပြောနဲ့နော်၊ ပြောတာပဲနားထောင်”
အမေက တိုးတိုးလေး ပြောသည်။
“ဟုတ်ကဲ့ အမေ”
တအောင့်လေးကြာသည်နှင့် သူကြီးက
“လူစုံပြီလားဟေ့”
“စုံပြီခင်ဗျာ”
ရွာဆော်ကိုဘမောင်အသံ ဖြစ်သည်။
သူကြီး ထရပ်လိုက်၏။
“မနက်က ရွာကို သူပုန်အဖွဲ့ လာတာနဲ့ပတ်သက်ပြီး စစ်ဗိုလ်ကြီးက စကားပြောမလို့ သေချာနားထောင်ကြ”
နဂိုကမှ ဟန်လုပ်ချင်သည့် သူကြီး စစ်ဗိုလ်ကြီးရှေ့၌ အသားယူလိုက်သေး၏။

စစ်ဗိုလ်ကြီးက စကားပြောရန် ထရပ်လိုက်သည်နှင့် ကျွန်မ မရဲတရဲ မော့ကြည့်လိုက်သည်။ မျက်နှာထားက တင်းတင်း၊ သေနတ်အသေးလေးကို ခါးမှာချိတ်ထား၏။ အသစ်စက်စက် ၀တ်စုံနှင့် ဖိနပ်က ပြောင်လက်နေသည်။ အရပ်မြင့်မြင့်ဖြင့် မျက်ခုံးက မည်းနက်တောက်ပနေသည်။ ကျွန်မ စစ်ဗိုလ်ကို သဘောတွေ့မိ၏။
“အမေ စစ်ဗိုလ်ကြီးက တော်တော်ချောတယ်နော်၊ အရပ်လည်း အမြင့်ကြီးပဲ။”
“ဒီကောင်မလေး၊ တိတ်တိတ်နေစမ်း၊ ဘယ်လိုဖြစ်နေတာလဲ၊ ဟိုမှာ စကားပြောတော့မယ်။”

စစ်ဗိုလ်ဆိုသူက
“ခင်ဗျားတို့ရွာကို သူပုန်တွေဝင်လာတာ သတင်းပို့ နောက်ကျတယ်၊ ကျွန်တော်တို့စစ်တပ်က မဖမ်းလိုက်နိုင်ဘူး၊ သူပုန်တွေကို သောက်ရေတိုက်ကြတယ်လို့ သိရတယ်။ သတင်းမပို့တဲ့အပြင် အားပေးနေတဲ့သူတွေ ရှိတယ်။ နောက်တစ်ခါ အဲလိုထပ်ဖြစ်ရင် ခင်ဗျားတို့ရွာကို အမဲရောင်နယ်မြေအဖြစ် သတ်မှတ်မယ်၊ ဒီတစ်ခါ ခွင့်လွှတ်လိုက်မယ်၊ နောက်ထပ် သူပုန်ဝင်လာရင် ချက်ချင်း သတင်းပို့ပါ၊ စစ်တပ်က လိုအပ်လို့ခိုင်းရင် ချက်ချင်းလုပ်ပေးပါ၊ ဒါမှ ကျွန်တော်တို့နိုင်ငံကြီး တိုးတက်မယ်၊ ၀ိုင်းဝန်း ကူညီပေးကြပါ။”

အသံသြဇာကောင်းကောင်းနှင့် ပြောသွားသည်။ ရွာသားများ ဘာမှပြန်ပြောခွင့် မရှိသဖြင့် ခေါင်းညိတ်ပြီး လက်ခံနေကြ၏။ အစည်းဝေး ပြီးသွား၏။

စစ်ဗိုလ်ကြီး စကားများကိုတွေးရင်း “စစ်တပ်က အမေ ပြောသလောက် မဆိုးပါဘူး”ဟု ကျွန်မတွေးနေသည်။
အိမ်အပြန် လမ်းတွင်
“အမေ စစ်ဗိုလ်က သဘောကောင်းပါတယ်။ ဘာမှမလုပ်ဘူးနော်၊ ဘာလို့မုန်းနေတာလဲ”
“ဟယ်တော်၊ နင်မှမသိသေးတာကိုး၊ နောက်ဆို သိလာမယ်၊ စစ်တပ် မကောင်းလား ကောင်းလားစောင့်ကြည့်”
စူစူ အောင့်အောင့်နှင့် ပြောသည်။ ကျွန်မ ဆက်မမေးရဲတော့ပေ။ ကုပ်ကုပ်လေး လိုက်ခဲ့ရသည်။

* * *

ထိုသို့ဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်တပ်များအတွင်း အမှိုက်ရှင်းရန် လိုအပ်လျှင် အိမ်တစ်ဆောင် လူတစ်ယောက်နှုန်း လုပ်အားပေး သွားရသည်။ စစ်ဗိုလ်များ ရွာကိုလာလျှင် ဧည့်ခံရန် ပိုက်ဆံများ ထည့်ကြရသည်။ လာမည့်လမ်းများတွင် သန့်ရှင်းရေး ပြုလုပ်ကြရသည်။ လမ်းဘေးဈေးဆိုင်များ အကုန်ဖျက်ပေးရသည်။

ကျွန်မတို့ အိမ်တွင် အမေက ဈေးရောင်းသည်။ အဖေက ပင်လယ်သို့ ငါးဖမ်းထွက်သည်။ လုပ်အားပေးခေါ်လျှင် ကျွန်မသည် ကျောင်းမှ ခွင့်ယူပြီးလိုက်ရသည်။ မလိုက်လျှင် ပိုက်ဆံထည့်ရသဖြင့် စ်ီးပွားရေးမပြေလည်သော ကျွန်မတို့အိမ်အတွက် ကျွန်မကသာ ဒိုင်ခံလုပ်ရတော့သည်။ ကျွန်မ စစ်တပ်ကို မုန်းသည့်စိတ်များ စတင်ခိုအောင်းလာတော့သည်။
ကျွန်မတို့ ရွာသည် တောင်ခြေရင်းတွင် ကပ်လျှက်တည်ရှိပြီး ရွာအလယ်တွင် ရေပူစမ်းလေး တည်ရှိသည်။ ရွာနောက်ဘက်တွင် ပင်လယ်ကမ်းခြေ ရှိသည်။ စစ်တပ်သည် ကျွန်မတို့ရွာနှင့် ထားဝယ်မြို့ ကြား ကားလမ်းဘေးတွင် တည်ရှိသည်။

ကမ်းခြေလှသည်ကို အကြောင်းပြု၍ စစ်တပ်များမှ စစ်ဗိုလ်များက အပန်းဖြေ လာကြသည်။ အပန်းဖြေလာပြီဆိုလျှင် တစ်ရွာလုံး မနားရတော့ချေ။ ထိုကြောင့် ကျွန်မနှင့် ရွာသူရွာသားများသည် စစ်တပ်ဟုကြားလိုက်သည်နှင့် အမုန်းကြီးမုန်းနေကြသည်။

* * *

၁၉၈၈-ခုနှစ် မေလအစောပိုင်းရောက်သည်နှင့် ပြဿနာက တစ်စခန်း ထလာပြန်သည်။ ဗိုလ်ကြည်အောင်တို့ သူပုန်အဖွဲ့ ရွာကို ရောက်လာပြန်ရာ ရွာထဲတွင် ပြေးသူကပြေး ရှောင်သူကရှောင်ဖြင့် ၀ရုန်းသုန်းကားဖြစ်ရပြန်၏။
တစ်ချို့က ရေတိုက်ကြပြီး လိုအပ်တာများ ကူညီပေးကြ၏။ သူပုန်အဖွဲ့ဆိုသော်လည်း ရွာသားများက ချစ်ကြသည်။ သူပုန်ခေါင်းဆောင် ဗိုလ်ကြည်အောင်ကလည်း ရွာနာအောင် ဘယ်တော့မှမလုပ်ပေ။ စစ်တပ်လာသည်နှင့် ရွာပြင်ရောက်အောင် ဆုတ်ခွာပြီးမှ ပြန်တိုက်တတ်သည်။ အပြေးလျင်သည်။ ဘယ်တော့မှ စစ်တပ်က ဖမ်းမမိပေ။
သူပုန်ကို ဖမ်းမမိသော စစ်တပ်များသည် ရွာသားများကိုသာမဲပြီး ကြိမ်းမောင်း၍ပြန်သွားတတ်သည်။

ဤတစ်ကြိမ်တွင် သူပုန်လာသည်ကို မည်သူက သတင်းပို့လိုက်သည် မသိပေ။ စစ်တပ်များ အမြန်ရောက်လာသည်။ ရောက်လာသော်လည်း သူပုန်အဖွဲ့ကို မမှီလိုက်ချေ။ စစ်တပ်မှ ဗိုလ်ကြီးနှင့် စစ်သားများ ရွာထဲတွင် သောင်းကျန်းကာ ရေတိုက်သူများ နေရာပေးကူညီသူများကို စစ်မေးပြီး အကုန်လုံး ဖမ်းသွား၏။ ကျွန်မ သူငယ်ချင်း၏ အဖေနှင့် အကို ရေတိုက်သဖြင့် အဖမ်းခံလိုက်ရသည်။ ထိုအချိန်မှစ၍ ကျွန်မရင်ထဲတွင် စစ်သားများသည် ကျွန်မဘ၀၏အမုန်းဆုံး လူသားများအဖြစ် သတ်မှတ်လိုက်မိသည်။

၁၉၈၈-ခုနှစ်၊ ၈-လပိုင်းတွင် ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်လာ၏။
ကျွန်မသည် ဘာမှနားမလည်သော်လည်း နေ့တိုင်း ရွာကလူကြီးများနှင့်အတူ “ဒို့အရေး ဒို့အရေး” ဟု လိုက်အော်ပြီး ဆန္ဒပြပွဲများကို လိုက်ခဲ့သည်။ အရမ်းလည်း ပျော်ခဲ့သည်။

ရက်များစွာ မကြာပေ။ ကျွန်မတို့ရွာကို စစ်တပ်များရောက်လာပြီး ဒို့အရေး အော်ပြီး ဆန္ဒပြပွဲတွင်ပါဝင်သူများ အကုန်လုံးကို ဖမ်းသွားပြန်သည်။ ကျွန်မက ကလေးသဘာဝ စစ်တပ်နှင့် စစ်သားကို အလွန်မုန်းတီးနေမိ၏်။ အရမ်းလည်းကြောက်ရွံ့ခဲ့၏။ အရေးတော်ပုံများ ပြီးစီးသွားသော်လည်း ကျွန်မရင်ထဲ သန္ဓေတည်နေသည့် စစ်သားများကို မုန်တီးခြင်းက ဘယ်တော့မှ မပြီးဆုံးနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေ၏။

* * *

ရာသီတွေကုန်ဆုံး နှစ်သစ်တွင် ပန်းရနံ့များဖြင့် ဝေဝေဆာ စည်ကားနေ၏။ ကျွန်မတို့ ရွာလည်း ငြိမ်းချမ်းစွာ ရပ်တည်နေပြီ ဖြစ်သည်။ သူပုန်များလည်း မရှိတော့ချေ။ ကျွန်မလည်း ရွာကျောင်းတွင် ရှစ်တန်းအောင်ပြီး ထားဝယ်မြို့ အထက်တန်းကျောင်းတွင် န၀မတန်း ဆက်တက်ရသည်။ ကျောင်းပိတ်ရက်များတွင် ရွာကိုစက်ဘီးများဖြင့် ပြန်ကြ၏။ သူငယ်ချင်းများ စု၍ပြန်ကြခြင်း ဖြစ်သည်။ မိုးတအားရွာလျှင် လိုင်းကားစီးပြီး ပြန်ကြသည်။
တစ်နေ့ ကျွန်မ ရွာပြန်ပြီး ကျောင်းတက်ရန် ကားဖြင့် လိုက်လာသည်။ ကားပေါ်ရောက်သည်နှင့် ကျွန်မ သတိထားမိလိုက်သည်။ ကျွန်မဘေးတွင် မတ်တပ်ရပ်ပြီး လိုက်နေသူမှာ စစ်သားဖြစ်နေ၏။ အပေါ်က စစ်အကျီ ၀တ်ထားပြီး အောက်ပိုင်းတွင် လုံချည်ဝတ်ထားသည်။
တကိုယ်လုံး တောက်တောက်ပြောင်ပြောင် တစ်ခုမှမရှိ။ စစ်သားကို မုန်းနေသဖြင့် ကျွန်မမျက်နှာလွှဲပြီး ထိုင်နေလိုက်သည်။

“စစ်တပ်မှာဆင်းမယ်ဗျို့”
ကျွန်မဘေးက စစ်သားဆင်းသည်။
“ကားခပေးလေဗျာ”
“ကျွန်တော့်မှာ မပါဘူးဗျာ”
“မပါရင်ကားပေါ်ဘာလို့တက်စီးတာလဲ၊ စစ်သားဆိုပြီး လူပါးဝတာလား”
“ဟို…ဟို မဟုတ်ပါဘူးဗျာ၊ ကျွန်တော့်မှာ တကယ်ပိုက်ဆံမပါလို့ပါဗျာ၊ စစ်ဗိုလ်က ခိုင်းလိုက်လို့ မောင်းမကန်ရဲစခန်းကို စာသွားပို့တာပါခင်ဗျာ၊ သွားတုန်းက ခြေလျင်သွားတာပါပဲခင်ဗျာ၊ ပြန်လာတော့ ကျွန်တော်တကယ်မနိုင်တော့လို့ ကားလိုက်စီးမိတာဗျာ”
“ပြီးရောဗျာ၊ ကားဆရာ မောင်း”
ကားစပယ်ယာ ဒေါပွပွဖြင့် အော်လိုက်သည်။
“စစ်သားတွေ လူပါးကိုဝတာ၊ စစ်သားဆို လုံးဝကို မသထာဘူး၊ နောက်တစ်ခါ ဒီလိုလုပ်လို့ကတော့ နာမယ် မှတ်ထား” စပယ်ယာက ပွစိပွစိ ပြောနေသည်။

ကျွန်မ စစ်သားကို အရမ်းမုန်းနေသော်လည်း စစ်သားလေး ရှင်းပြသည့်စကားများကို ကြားရပြီး စိတ်မကောင်းဖြစ်မိ၏။ စပယ်ယာ အော်ငေါက်တာ ခံရသည်။ ကားပေါ်မှလူများအမုန်းမျက်လုံးများဖြင့် ၀ိုင်းကြည့်ကြ၏။
“အော် စစ်သားတိုင်းလည်း မကြမ်းတမ်းပါလားနော်၊ စစ်ဗိုလ်က ခိုင်းလို့လုပ်ရတာက တစ်မျိုး၊ လစာကလွဲပြီး ဘာမှမရသဖြင့် ခရီးသွားလာရာမှာ အအော်ငေါက်ခံရတာများလား၊ တစ်ယောက်မကောင်းတိုင်း အများကို မုန်းနေတာ တော်တော်မှားနေပြီလား”
ကျွန်မ အတွေးများကြားမှာ မောရင်း
“မထူးပါဘူး၊ စစ်သားဟာ စစ်သားပဲပေါ့၊ ဘာများ ပိုထူးမှာလဲ၊ လူရှေ့မှာ ပိုက်ဆံပေးရမှာစိုးလို့ လုပ်တာလည်း ဖြစ်နိုင်တာပဲ” စိတ်ကို အတင်းဖြေလိုက်သည်။ စစ်သားမုန်းသည့်စိတ်က ကျွန်မကို လွှမ်းမိုးထားသည်မှာ ရုတ်တရက် ဖျောက်ဖျက်၍ မရနိုင်သေးပေ။

* * *

နောက်တစ်ပတ် ကျောင်းပိတ်ရက် အိမ်ပြန်ရောက်သည်နှင့် အမေ့ကို စစ်သားလေး အကြောင်းကို ပြန်ပြောပြသည်။

“သမီးရယ် လူတိုင်းကို တသမတ်တည်း ဘယ်တွက်လို့ရမလဲ၊ ရွာထဲမှာပဲ ကြည့်လေ၊ ဆိုးတဲ့သူရှိတယ်၊ ကောင်းတဲ့သူရှိတယ်။ စစ်တပ်ထဲမှာလည်း ဒီလိုပဲပေါ့ လူကောင်းလည်း ရှိတာပေါ့။ အကုန်လုံးကို သိမ်းကျုံးပြီး မမုန်းပါနဲ့ သမီးရယ်၊”

“သူတို့က သမီးတို့ကို ဘာမှ မလုပ်ပေးတာလေ အမေရဲ့”
“အော် သမီးရယ်၊ အမေတို့ကို ဘာမှမလုပ်ပေးပေမဲ့ အမေတို့ မြန်မာပြည်ကြီး ငြိမ်းချမ်းအောင် ရန်သူတွေ မ၀င်လာအောင် လုပ်ပေးနေတယ်လေ။ သူတို့တွေက ဟိုအဝေးကြီးကိုသွားပြီး စစ်တိုက်နေရတာ သမီးရဲ့၊ အစာအငတ်ခံရတာလညှ်း ရှိတယ်။ အသေခံရတာလညှ်း ရှိတယ်။ အစုံပဲပေါ့ သမီးရယ်၊ မြန်မာနိုင်ငံနယ်နမိတ်ကြီး မချိုင့်မခွက်အောင် ကာကွယ်ပေးနေတာလေ၊ အမေလည်း အစက မသိဘူး သမီးရယ်၊ အခုတော့ အမေ နားလည်သင့်သလောက် နားလည်နေပါပြီ။ စစ်သားတိုင်းကို မမုန်းစမ်းပါနဲ့” အမေပြောနေသည် ကျွန်မ ဘာမှပြန်မပြောသော်လည်း ရင်ထဲမှာတော့ အခဲမကြေနိုင်သေးပေ။

* * *

တနင်္လာနေ့ ကျောင်းပြန်တက်ရသဖြင့် ကျွန်မနှင့် သူငယ်ချင်းသုံးယောက် တနင်္ဂနွေနေ့ညနေ ထားဝယ်သို့ပြန်ရန် စက်ဘီးများဖြင့် လာကြသည်။ ကျွန်မတို့ သူငယ်ချင်းလေးယောက် စက်ဘီးနှစ်စီးဖြင့် လာကြသည်။

ရွာထိပ်ရောက်လျှင် တောင်ပေါ်ရောက်အောင် စက်ဘီးကိုတွန်းပြီး တက်ကြရသည်။ တောင်ပေါ်ရောက်မှ အရှိန်ဖြင့် ပြန်ဆင်းရသည်။ ကျွန်မတို့တက်လာစဉ် ကျွန်မတို့နဘေးမှ စစ်သားနှစ်ယောက်သည် စက်ဘီးတစ်စီးဖြင့် အနီးနားမှ လိုက်တက်လာသည်။

“ညီမလေးတို့ ဘယ်သွားမှာလဲ”
“ဘယ်သွားသွား၊ ရှင်တို့နဲ့ ဘာဆိုင်လဲ၊ စစ်သားက စစ်သားလိုမနေဘူး၊ အရာရာ စပ်စုနေသေး”
ပြောရုံမျှမက ကျွန်မက ကျောက်ခဲတစ်လုံးကောက်ကိုင်ပြီး
“ဒီမှာ ကျောက်ခဲတွေ့တယ်မလား၊ လူခေါင်းကို ရိုက်ခွဲလို့ရတယ်။ ရီးတီးယားတား လာလုပ်မယ်မကြံနဲ့” ခပ်ဆတ်ဆတ်လေး ပြန်ပြောလိုက်သည်။

စစ်သားက “ညီမလေးရယ်၊ အကိုတို့က အကောင်းမေးတာပါ၊ ဘာမှ မလုပ်ပါဘူး၊ အေးဆေးပဲသွားပါ။”

ထိုအချိန်တွင် သူငယ်ချင်းယုယုက
“ဟုတ်သားပဲ၊ နင်ကလဲ စစ်သားဆို အော်မယ်ဆိုတာပဲ”
“နင်မှ မသိတာကိုး၊ စစ်သားက ကောင်းလို့လား၊ ငါမုန်းတယ်၊ နင်ချစ်ချင်ချစ်လိုက်၊ လာမပြောနဲ့”
ယုယုကို အော်လိုက်မိသည်။ အကုန်လုံး ဘာမှမပြောကြတော့ပေ။

ကျွန်မတို့ တောင်ထိပ်ရောက်သည်နှင့် စက်ဘီးပေါ်တက်ပြီး အရှိန်နှင့် ဆင်းရန် ပြင်ကြ၏။ ကျွန်မက နောက်က ထိုင်သည်။ ယုယုက အရှေ့က နင်းသည်။ တောင်ထိပ်မှဆင်းပြီး အရှိန်ရသည်နှင့် ကျွန်မတို့စီးသည့် စက်ဘီး ဘရိတ်ပေါက်သွားသည်။

“ယုယု နင့်ဖိနပ်နဲ့ ဘီးကို ဖိလိုက်လေ”
“ဟာ.. မဖိနိုင်ပါဘူး၊ မနေ့ကမှ အဖေ ၀ယ်လာပေးတယ်၊ ဖိနပ်ပြတ်မှာပေါ့။”
ပြောရင်းနှင့် အရှိန်က ထိန်းမရသဖြင့် ကျွန်မ ကြောက်လန့်တကြားဖြင့် ခုန်ချလိုက်သည်။
ယုယုက စက်ဘီးနှင့်အတူ လမ်းဘေးချုံပုတ်ထဲ ထိုးကျသွား၏။ ကျွန်မက ပွန်းပဲ့ယုံသာ ဖြစ်သည်။
ယုယုက အတော်နာသွားသည်။

ထိုအချိန်တွင် စစ်သားနှစ်ယောက်က ကျွန်မတို့နား လာပြီး ယုယုကို လာတွဲထူပေးသည်။
“တအားနာနေလား ညီမလေး၊ ဘယ်လိုနေလဲ”
ယုယုကိုမေးပြီး ကျွန်မဘက်လှည့်ကာ
“ညီမလေး စက်ဘီးစီးနိုင်လား၊ အကိုတို့စက်ဘီး ညီမလေးတို့စီးလေ၊ အကိုတို့က ဘရိတ်ပေါက်သွားတဲ့ ညီမလေးတို့စက်ဘီး စီးသွားပေးမယ်နော်၊ စစ်တပ်ရောက်မှ ဆေးခန်းပြပြီး အဆင်ပြေသလို လုပ်ကြမယ်”
ကျွန်မခေါင်းညိတ်လိုက်၏။

ကျွန်မ ယုယုကိုတင်ပြီး စစ်သားနှစ်ယောက်၏ စက်ဘီးကို စီးသည်။ စစ်တပ်ရှေ့ရောက်တော့ နားလိုက်ပြီး စောင့်နေလိုက်သည်။ စစ်သားနှစ်ယောက်က ကျွန်မတို့စက်ဘီး ဘရိတ်မမိသဖြင့် ခြေထောက်ဖြင့် အရှိန်လျှော့ပြီး လာနေသည်။ ကျွန်မတို့နားရောက်သည်နှင့် ကပျာကယာဖြင့် ယုယုကို ခေါ်ပြီး စစ်တပ်ဆေးခန်းသို့ ပို့ပေးကြ၏။
ထိုနောက် ကျွန်မနှင့်ယုယုကို စစ်တပ်က ကားတစ်စီးဖြင့် စက်ဘီးကို ပါတင်၍ လိုက်ပို့ပေးကြ၏။

ကျွန်မ အမုန်းဆုံး စစ်သားများက ကျွန်မနှင့် ယုယုကို အစစအရာရာ ကူညီပေးလိုက်ကြသည်။ “အကိုစစ်သားကြီးတို့ရယ် ကျေးဇူးပါရှင်”
ကျွန်မ စိတ်ထဲကတိုးတိုးလေး ပြောဖြစ်လိုက်သည်။
စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေရသည့် စစ်သားများသည် တစ်ဖက်သားအား ကူညီတတ်သူရှိသလို အထက်အရာရှိများအောက်တွင် လစာမလောက်မငှဖြင့် ကားခမပေးနိုင်သဖြင့် အော်ငေါက်ခံရသူများလည်း ရှိနေသေးသည်ကို တွေးရင်း စစ်သားများအပေါ်ထားရှိသည့် ကျွန်မ၏အမုန်းတရားများကို သင်ပုန်းချေ လိုက်မိတော့သည်။

လရိပ်လေး(မောင်းမကန်)
(Feb 20, 2014)

တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင် အတွဲ ( ၂ ) အမှတ် ( ၇ ) မှ

No comments:

Post a Comment