Pages

Wednesday, April 16, 2014

မြင့်မိုရ် သို့ အပြုံးတစ်ပွင့်

၁၉၉၇ - ခုနှစ် ဇွန်လ တစ်ရက်နေ့။ ကျွန်မ ရဲ့ ရင်ခုန်လှုပ်ရှားရဆုံး နေ့တစ်နေ့ဖြစ်သလို ကျွန်မ အမေ ဆန္ဒကို ပထမဆုံး ဖြည့်စည်းပေးနိုင်ခဲ့တဲ့ နေ့လေးပေါ့။ ဒီနေ့ကို ရောက်လာဖို့ အမေ့စိတ်ဓာတ်တွေ ခွန်အားတွေ သတ္တိတွေ ဘယ်လောက်မွေးခဲ့ရမလဲဆိုတာ ဘယ်သူမှ ခန့်မှန်းနိုင်လောက်မယ် မထင်ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း မမှန်းဆနိုင်သလို အဖြူရောင်မေတ္တာကို ဘယ်အရာနဲ့ တိုင်းတာပြီး သတ်မှတ်နိုင်ခွင့် မရှိဘူးလို့ ကျွန်မကောက်ချက်ချမိပါတယ်။

ဒီနေ့လေးကို မရောက်ခင် လွန်ခဲ့တဲ့ အတိတ် အချိန်ကာလ တစ်ခုကို ကျွန်မ ပြန်လည်ပြီး တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မအမေရဲ့ ကျေးဇူးတရားကို သတိရတဲ့အပြင် သားသမီးတိုင်း အမေ့ မေတ္တာကို နားလည်ပြီး ကျွန်မနဲ့ မျှဝေခံစားစေချင်လို့ပါ။

အတိတ်ဆိုတာ တခါတလေ မေ့ပစ်သင့်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုချင်ဆိုကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်မနဲ့အမေရဲ့အတိတ်က သံသရာဆုံးထိ မေ့လို့မရတဲ့ နှလုံးသား မှတ်တိုင်တစ်ခုပါ။ ကျွန်မအမေ နာမည်ကတော့ ဒေါ်နှင်းရည်တဲ့လေ။ အေးမြခြင်း သဘောကို ဆောင်ပြီး ပေးခဲ့ပေမဲ့ အမေ့ဘ၀ မအေးချမ်းခဲ့ပါဘူး။ ကျွန်မ လေးနှစ်သမီးအရွယ်မှာ အဖေ ဆုံးပါးခဲ့တယ်။ အမေ သမီးသုံးယောက်နဲ့ မုဆိုးမဘ၀ ရောက်ခဲ့ရတယ်။ အဖွားအိမ်ကို ကျွန်မတို့ ရောက်တဲ့အချိန်မှာ အဒေါ်တို့မိသားစုနဲ့ အတူတူ နေခဲ့ရတယ်။ အမေက ဆယ်တန်းအောင်ပြီးတာနဲ့ အိမ်ထောင်ကျတယ်။ ယောက်ျားရှာကျွေးတာနဲ့ မိသားစုဘ၀လေးကို အေးဆေးစွာ နေခဲ့တဲ့သူဆိုတော့ အဖေလည်းဆုံးတော့ ဘာမှမလုပ်တတ် မကိုင်တတ် ဖြစ်နေခဲ့တာပေါ့။ အဲဒီအချိန်မှာ အမေလုပ်တတ်တာ တစ်ခုပဲရှိတယ်တဲ့။ အမေ့အဖွား လုပ်ကိုင်ခဲ့တဲ့ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ရောင်းတာပေါ့။ အဖွားကို ကူညီခဲ့တဲ့ အမေ၊ အဲဒီပညာလေးပဲတတ်တာဆိုတော့ သမီးတွေကို ဈေးရောင်းပြီး ကျောင်းထားမယ်လို့ ဆုံးဖြတ်ခဲ့သတဲ့လေ။

ကလေးတွေ ကျောင်းအပ်ရမဲ့ အချိန်ရောက်တော့ ကျွန်မအဒေါ်က ပြောတယ်တဲ့၊ “အမရယ်… မိန်းကလေးတွေကြီးပဲဆိုတော့ လုပ်နိုင်ကိုင်နိုင်တဲ့လူမရှိဘူးမဟုတ်လား ကျောင်းမထားပါနဲ့တော့၊ အမလည်း တတ်နိုင်တာမဟုတ်ပဲနဲ့”။ အဲဒီအချိန်မှာ အမေပြန်ပြောခဲ့တဲ့ စကားလေးကို ကျွန်မကို အမေအမြဲတမ်း ပြန်ပြန်ပြောပြနေလို့ အသည်းထဲမှာတောင် အခုချိန်ထိ စွဲနေမိတုန်းပါပဲ၊ “ငါ့သမီးတွေကို ပညာတတ်ဖြစ်အောင် ထားမယ်။ ဈေးရောင်းတာနဲ့ မလောက်ရင် သူများအိမ်တွေမှာ ထမိန်လိုက်လျှော်မယ်။ ငါ့သမီးတွေကို ဘယ်တော့မှ ကျောင်းမထုတ်ဘူး။” အဲဒီလို ကြွေးကြော်ပြီး ဈေးရောင်းခဲ့တာပေါ့။ အမေက ကောက်ညှင်းပေါင်းအပြင် မုန့်မျိုးစုံလည်း တတ်သလောက် လုပ်ရောင်းတယ်။ ဒါ့အပြင် အမေလုပ်ခဲ့တာလေး တစ်ခုရှိသေးတယ်။ အဲဒါက ဘာလဲဆိုရင် ကျွန်မတို့ရွာမှာ နာရေးအသင်းပုံစံ အသင်းလေးရှိတယ်။ အသင်းဝင်တွေက လူတစ်ယောက်သေရင် တစ်ယောက်တစ်ရာစီ ထည့်ကြတယ်။ ရတဲ့ပိုက်ဆံကို သေတဲ့သူအိမ်ကို လှူကြတယ်။ အသင်းသားတွေဆီက ပိုက်ဆံစုဖို့ တစ်ယောက်က တာဝန်ခံရတယ်။ အဲဒီတာဝန်ခံကို အသင်းက နှစ်ရာ့ငါးဆယ် ပေးတယ်။ အမေက သမီးသုံးယောက်နဲ့ ရုန်းကန်နေရတော့ ဈေးရောင်းပြီး အားတဲ့အချိန်လေးမှာ အဲဒီတာဝန်ခံ အလုပ်ကိုလုပ်ခဲ့တယ်။

အမေ တစ်ချက်မှ မညည်းညူခဲ့ပါဘူး။ အမေ့ကိုသနားတဲ့ကျွန်မ ပဲပြုတ်ကူရောင်းပေးတယ်။ တတ်နိုင်တာ ၀ိုင်းလုပ်ပေးခဲ့တယ်။ တစ်နေ့တော့ ၈၈ကျောင်းသား အရေးအခင်းဖြစ်တော့ ကျောင်းတွေပိတ်တယ်။ ဆန်တွေရှားပါးတာမို့ ကျွန်မတို့ ဆန်ပြုတ်စားရတာ ရက်တွေ အများကြီးပါပဲ။ ကျောင်းတွေပြန်ဖွင့်တော့ ကလေးတွေကို ကျောင်းမထားဖို့ အိမ်နီးနားချင်းတွေက အမေ့ကို ပြောပါတယ်။ အမေ ကျွန်မတို့ကို ကျောင်းမထုတ်ခဲ့ပါဘူး။ ကောက်ညှင်းပေါင်း ရောင်းတာအပြင် လုပ်လို့ရတဲ့ အလုပ်လေးတွေကို အပင်ပန်းခံလုပ်ပြီး ကျောင်းထားခဲ့ပါတယ်။

အဲဒီလို ကျောင်းထားရင်း ကျွန်မအမ ဆယ်တန်းအောင်ခဲ့ပါတယ်။ အမေ့မျက်နှာက အပြုံးကို လမင်းကြီး အရှုံးပေးရမယ်လို့ ကျွန်မထင်ခဲ့တယ်။ အမေ့ကံက ဆိုးတာလား ကျွန်မ အမက ကံဆိုးတာလား မသိလိုက်ပါဘူး။ ကျွန်မအမ ဆယ်တန်းအောင်ပြီး မကြာခင်လေးမှာ အိမ်ထောင်ကျသွားခဲ့တယ်။ အဲဒီချိန်တုန်းက အမေရော ကျွန်မရော ရင်တစ်ခုလုံး ပြိုကွဲမတတ် ငိုခဲ့ရပါတယ်။ ဒါပေမဲ့ အမေ ကျွန်မကို ကျောင်းဆက်ထားပါတယ်။ “သမီး... စာကြိုးစားနော်၊ အမေ့သမီး အရုပ်ဆိုးမလေးက အမေ့နားမှာ နေမယ်မလား”တဲ့လေ။ ကျွန်မ အရမ်းခံစားခဲ့ရတယ်။ သမီးတွေကို တအားချစ်တဲ့ အမေ ဘယ်လောက်ထိ ခံစားနေရမယ်ဆို ကျွန်မကိုယ်တိုင် မြင်နေခဲ့ရလို့ပါပဲ။ ညီမလေးက ငယ်သေးတော့ ဘာမှ မသိသေးဘူးပေါ့။

အဲဒီအချိန်က စပြီး အမေနဲ့ကျွန်မ ဘ၀ကို ပိုရုန်းကန်လာခဲ့ရတယ်။ ညီမလေးကိုလည်း ဂရုစိုက်ရင်း ကျွန်မတို့ ဘ၀က ဆရာဇော်ဂျီရေးထားတဲ့ ဗေဒါလမ်းကဗျာထဲကလို အံကိုခဲလျက် ယက်ကန်ယက်ကန်ပါပဲ။ အမေ့အတွက် လောကဓံက တကယ်ကို ခက်ခဲနေပေမဲ့လည်း သမီးတွေအပေါ်ထားတဲ့ အမေ့မေတ္တာကြောင့် အရာအားလုံးကို အမေ ကျော်ဖြတ်နိုင်ခဲ့တယ်ထင်ပါရဲ့။

ဒီလိုနဲ့ပဲ ကျွန်မ ဆယ်တန်းကို တက်ခွင့်ရခဲ့တယ်။ မြို့မှာတက်ရတာဆိုတော့ စားရိတ်က ပိုကြီးလာတယ်။ ဒါပေမဲ့ ကျွန်မကုသိုလ်ကံက ဖေးမလာလို့ ထင်ပါရဲ့။ အဖေမရှိသူတွေတွက် ထောက်ပံ့ လစာရခဲ့တယ်။ ကျူရှင်ဆရာတွေကလည်း လစာမယူပဲ သင်ပေးခဲ့တယ်။ စာအုပ်တွေ လိုအပ်လာရင်လည်း ကျောင်းက ဆရာ ဆရာမတွေက ကူညီပေးကြတယ်။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားခဲ့လို့ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တယ်။

ကျွန်မဆယ်တန်း အောင်စာရင်း ထွက်တဲ့နေ့မှာ အမေ့ကို တရွာလုံးကပြောကြတယ်။ “နှင်းရည်ရယ်… နင့်လောက်တော်တဲ့ အမေမျိုး ငါတို့ရွာမှာ ရှိနေသေးတယ်။ သမီးတွေကလည်း တော်လိုက်တာ၊ စာအရမ်းတော်ကြတယ်။ နှင်းရည်ရယ်… နင့်ကို တကယ်ဂုဏ်ယူပါတယ်”တဲ့လေ။ အမေလေ ကျွန်မကိုဖက်ပြီး မျက်ရည်ကျရင်း “သမီးရယ်… အမေပျော်လိုက်တာ၊ အမေ အပင်ပန်းခံရကျိုး နပ်ပါတယ်။ သမီးတွေ ပညာတတ်သာဖြစ်မယ်ဆိုရင် အမေဘာမဆို လုပ်နိုင်ပါတယ်”တဲ့လေ။

အမေ့ရဲ့ ဒေါ်နှင်းရည်ဆိုတဲ့ နာမည်လေးက ကျွန်မနဲ့ ကျွန်မအမ ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ကျွန်မတို့ရွာမှာ လူတိုင်းဂုဏ်ယူစရာ ဖြစ်လာခဲ့တာပေါ့။ တစ်နေ့တော့ အမေက ကျွန်မကို ပြောပါတယ်။ “သမီးဆယ်တန်းအောင်ပြီး ဘာအလုပ်လုပ်မှာလဲ၊ အမေကတော့ ဆရာမလေး လုပ်စေချင်တယ် သမီးရယ်”။ “ဟာ… အမေကလည်း သမီး ဆရာမ မလုပ်ချင်ပါဘူး၊ ရှေ့နေမကြီး ဖြစ်ချင်တာပါ”။ “သမီးရယ် ရှေ့နေဆိုတာ သူများကို ကူညီတာတော့ ဟုတ်ပါတယ်။ တခါတလေ လိမ်ရတာ အဆင်ပြေအောင် ညာပြောရတာတွေ ရှိတယ်လေ သမီးရဲ့။ ကျောင်းဆရာမ အလုပ်ဆိုတာ ဘုရားနဲ့တဂိုဏ်းတည်း မြင့်မြတ်တဲ့အလုပ်လေ။ သူတပါးကိုလည်း ပညာတွေ သင်ကြားပေးတယ် မျှဝေပေးတယ်လေ။ သမီးရယ် အမေ့ကိုချစ်တယ်ဆိုရင် စဉ်းစားနော်”တဲ့။ ကျွန်မ အမေ့ကို ကြည့်ရင်း အတွေးကို ဆုံးဖြတ်ချက်ချဖို့ တွေးနေမိတယ်။ ကျွန်မတို့အခြေနေနဲ့ ကျောင်းဆက်တက်ဖို့လည်း အဆင်မပြေတော့ ကျွန်မအလုပ်တစ်ခုခုလုပ်ရင်း အဝေးသင်ဖြေရမှာတော့ သေချာနေပြီလေ။ ဒါပေမဲ့ ကျွန်မဆရာမ တကယ်မလုပ်ချင်တော့ အမေ့ကိုပြန်ပြောရမှာလည်း စိတ်မကောင်းဖြစ်မှာစိုး စိတ်ထဲမှာချီတုံချတုံ ဖြစ်နေတုန်းပါပဲ။

နောက်တစ်နေ့ ကျွန်မက အပြင်ကပြန်လာတော့ အမေ အိမ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေပါတယ်။ ကျွန်မရောက်တာ အမေ မသိလိုက်တဲ့အချိန်မှာ အမေ့စကားသံက ကျွန်မနားထဲရော ရင်ထဲထိရောက်လာတယ်။ “သူငယ်ချင်းရယ်… သမီးလေးက ဆယ်တန်းအောင်တော့ ရှေ့နေဖြစ်ချင်တာတဲ့လေ။ ကျွန်မက ဆရာမလေး လုပ်စေချင်တာလေ။ ကျွန်မတစ်သက်လုံး အပင်ပန်းခံလာခဲ့တာ ကျွန်မသမီးလေးတွေကို အဖြူအစိမ်း ၀တ်စုံလေးနဲ့ ကျောင်းဆရာမလေး ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းပါ။ ကျွန်မ သေသွားလို့ရှိရင်လည်း မနှင်းရီတစ်ယောက် သူ့သမီးလေးတွေကို ကောက်ညှင်းပေါင်းရောင်းရင်း ကျောင်းဆရာမလေးတွေ ဖြစ်အောင် ထားပေးခဲ့တယ်နော်ဆိုတဲ့ စကားလေးပဲ ကြားချင်တာပါ။ ဒါပေမဲ့ သမီးစိတ်မပါရင် မတိုက်တွန်းတော့ပါဘူးရှင်”။

ကျွန်မတကယ် စိတ်မကောင်းဖြစ်လာရင်း အမေ့ဆီကို ပြေးထွက်သွားရင်း “အမေရယ် သမီးကိုတအားချစ်တဲ့ အမေ့ဆန္ဒကို သမီးဖြည့်ဆည်းပေးမှာပါ အမေရယ်။ သမီး ကျောင်းဆရာမ အလုပ်ပဲလုပ်တော့မယ်နော် အမေ”လို့ ပြောလိုက်ပါတော့တယ်။ ကျွန်မပြောလိုက်တဲ့ အချိန်မှာ အမေ့မျက်နှာမှာ ပေါ်လာခဲ့တဲ့ ပီတိအပြုံးကို ကျွန်မရင်ထဲ တစ်သက်လုံး သိမ်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ ကျွန်မ ဆရာမအလုပ်ကို လျှောက်ထားခဲ့ပါတယ်။ ၁၉၉၇ မေလ ကုန်လောက်မှာ အလုပ်ခန့်စာ ကျလာခဲ့ပါတယ်။ ဇွန်လ ၁ရက်နေ့မှာ ကျောင်းဆရာမလေး အဖြစ်နဲ့ ကျောင်းစတက်ရတော့မယ်ပေါ့။

ရောက်လာခဲ့ပါပြီ။ ကျွန်မ ရင်အခုန်ရဆုံး စိတ်ကြည်နူးရဆုံး အမေ့ဆန္ဒကို ပထမဆုံးဖြည့်ဆည်းခွင့်ရတဲ့နေ့လေးပေါ့။ အဲဒီနေ့လေးကတော့ ကျွန်မအတွက် အမေကိုယ်တိုင် ချုပ်ထားပေးတဲ့ ၀တ်စုံလေးကို ဆင်မြန်းပြီး ကျောင်းဆရာမလေးအဖြစ် ကျောင်းစတက်မဲ့ ၁၉၉၇ ဇွန်လ တစ်ရက်နေ့ပေါ့ရှင်။

တုနှိုင်းမဲ့ကျေးဇူးရှင် အမေ၊ သားသမီးအတွက်ဆို ဘာကိုမဆို လုပ်နိုင်တဲ့ အမေ၊ သမီးလေးကို ကျောင်းဆရာမလေးဖြစ်ချင်တဲ့ အမေ့ဆန္ဒကို ကျွန်မဖြည့်ဆည်းခွင့်ရခဲ့တဲ့ ဒီနေ့လေးကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်သလို အမေ့ကိုလည်း တကယ်ကျေးဇူးတင်နေမိပါတော့တယ်ရှင်။

ဒါကြောင့် သားသမီးတိုင်း ကျွန်မအမေရဲ့ ကျွန်မတို့အပေါ်ထားခဲ့တဲ့ စေတနာ မေတ္တာကို မျှဝေခံစားရင်း မိဘများကို တတ်နိုင်တဲ့ဘက်က ပြန်လည်ကျေးဇူးဆပ်နိုင်ပါစေလို့ ဆုတောင်းရင် ဒီဆောင်းပါးလေးကို ရေးသားတင်ပြလိုက်ပါတယ်ရှင်။

အမေ့ကျေးဇူး မြင့်မိုရ်ဦးမို့
ကြည်နူးတွေးဆ မေတ္တာမျှ၍
တွေ့ရဆုံချိန် ပြုံးမမှိန်ခင်
ရောင်ရှိန်လက်လက် နေမင်းတက်သို့
တစ်သက်လုံးပင် ဥာဏ်နဲ့ယှဉ်ကာ
ဆင်ခြင်လို့သာ ဆပ်ကြပါ။

လရိပ်လေး (မောင်းမကန်)
(၃. ၄. ၂၀၁၄)
http://layeiklay.blogspot.com/

No comments:

Post a Comment