နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း အမှတ်(၁၈၆) အောက်တိုဘာ ၂၀၁၄ မှာ ဖော်ပြခံရတဲ့
လရိပ်လေး(မောင်းမကန်) ရဲ့
***စမ်းရေပမာ အဖေ့မေတ္တာ***
လောကထဲကို လူသားတစ်ယောက်အဖြစ် စတင်အခြေချပြီဆိုတာနဲ့ လူသားတိုင်းမှာ
အဖေရယ် အမေရယ်ဆိုတာ ရှိပြီးသားပါ၊ ဒါပေမဲ့ အတူတူနေရတာ မနေရတာကတော့
လူသားတွေရဲ့ အတိတ်ကြောင်းတွေနဲ့ ဆိုင်နေမယ်လို့ ကျွန်မထင်မိပါတယ်၊
ကျွန်မမှာတော့ အဖေဆိုတာကို ကျွန်မလေးနှစ်သမီးလေးအရွယ်ကတည်းက
မမြင်ခဲ့ရတော့ပါဘူး၊ ဒါပေမဲ့ ကျွန်မအဖေ့ကို အရမ်းချစ်ခဲ့ပါတယ်၊ အခုချိန်ထိ
ချစ်နေတုန်းပါ၊ နောင်လည်း ချစ်နေအုံးမှာပါ၊ ဘယ်တော့မှ အဖိုးမဖြတ်နိုင်သော
အဖေ့မေတ္တာကို ကျွန်မ တမ်းတနေမိတုန်းပါ၊ ကျွန်မ အဖေအရွယ်တွေကို တွေ့မိရင်
မျက်ရည်လည်နေမိတုန်းပါ၊ အဖေနဲ့အတူ နေခွင့်လေးကို ကျွန်မ
လိုချင်နေမိတုန်းပါ။
အဖေပြောခဲ့တဲ့ စကားတွေကို ကျွန်မကိုယ်တိုင်
မမှတ်မိခဲ့ပေမဲ့ အမေပြန်ပြောပြတာလေးကို အခုချိန်ထိ အသည်းထဲ စွဲနေတုန်းပါ၊
အဖေက ပြောတယ်တဲ့။
“ငါ့သမီးတွေကို ပညာတတ်ကြီးတွေဖြစ်အောင် ထားမယ်”လို့၊
အဲဒီစကားလေးကို အဖေကိုယ်တိုင် ပြောတာ မကြားခဲ့ရပေမဲ့ ကျွန်မအတွက်
အင်အားတွေဖြစ်ခဲ့သလို ပညာတတ်ကြီးဖြစ်အောင် ကြိုးစားချင်စိတ် ဖြစ်ခဲ့ပါတယ်၊
ပြန်ပြောပြတာလေးကို ကြားမိရုံနဲ့တင် အဖေရဲ့စကားက ကျွန်မရဲ့ပန်းတိုင်ကို
လမ်းညွှန်ပြနိုင်ခဲ့တယ်ဆိုရင် အဖေသာ ကျွန်မဘေးမှာ ရှိနေခဲ့ရင်ဆိုတဲ့အတွေးက
ကျွန်မရင်ကို အမြဲထိရှစေခဲ့ပါတယ်၊ ပိုလို့လည်း လွမ်းနေမိသလို အဖေ့အတွက်
အလှူဒါနလေးတွေ ပြုလုပ်ပေးရင်း အမျှဝေပေးတာလေးတွေ အမြဲလုပ်ဖြစ်မိပါတယ်။
အဖေနဲ့ အတူတူနေခွင့်ရတဲ့ သားသမီးတွေကို မြင်ရတဲ့အချိန်တိုင်း ကျွန်မ
အရမ်းပျော်ရွှင်မိပါတယ်၊ အဖေ့အရိပ်ကို နားလည် လက်ခံတတ်ပြီး
အဖေ့ချစ်မေတ္တာတွေကို နားလည်နိုင်ကြပါစေလို့ ကျွန်မ
အမြဲဆုတောင်းပေးခဲ့မိပါတယ်၊ ဒါပေမဲ့ ကျွန်မဆုတောင်းလေး မပြည့်ခဲ့ပါဘူး၊
(၁၈.၇.၂၀၁၃)နေ့ အာဇာနည်အကြိုနေ့မှာ “ထိုနေ့စွဲ (ဂျူလိုင် ၁၉)”ဆိုတဲ့
ကဗျာလေး facebookပေါ်မှာ တင်ဖို့ဆိုပြီး ကျွန်မ ရန်ကုန်မြို့
မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားအနားက ဆရာတော်တွေဆီသွားပြီး အပြန်မှာပေါ့၊
ကျွန်မ သိပ်နေမကောင်းတော့ လိုင်းကားလည်း မစီးချင်တော့ တက္ကဆီငှားပြီး
ပြန်မယ်လို့အထွက်လာ ကျောင်းဝမှာ တက္ကဆီပေါ်မှာ ကားသမားက သတင်းစာလေးဖတ်ရင်း
ထိုင်နေပါတယ်၊ ကျွန်မလည်း အနားရောက်တော့
“ဦးလေးရှင် ကားအားလား? ကျွန်မ မြောက်ဒဂုံသွားချင်လို့ပါ”
လို့ ပြောတော့ ကားခ ၄၀၀၀ တောင်းပါတယ်၊ ကျွန်မလည်း
“သွားနေကျ ၂၅၀၀ပဲ ပေးရပါတယ်ရှင်၊ ဦးလေး လိုက်ပေးနိုင်မလား? ကျွန်မ တကယ်မညာပါဘူး”
လို့ပြောတော့
“ကဲပါ သမီးလေးရယ် လိုက်ပို့ပါမယ်”
လို့ပြောတော့ ကျွန်မကားပေါ်တက်ပြီး လိုက်လာခဲ့ပါတယ်။
လမ်းရောက်တော့ ကားဆရာဦးလေးက
“သမီးက ဒီကို ဘာလာလုပ်တာလဲ”တဲ့၊
“ကျွန်မက ဘာသာရေး ဆောင်းပါးလေးတွေ ရေးတာပါ၊ ဆောင်းပါးပို့ရင်း ဆရာတော်တွေဆီ အလည်လာတာပါ”လို့ပြောတော့
“တကယ်ကောင်းပါတယ် သမီးရယ်”တဲ့။
ဒီလိုနဲ့ စကားတွေ ပြောဖြစ်တော့ ကျွန်မဘန်ကောက်မှာ
ဘာသာရေးလုပ်ဖြစ်တဲ့အကြောင်း မြန်မာဆရာတော်တွေရဲ့ ဘန်ကောက်မှာ
သာသနာပြုတဲ့အကြောင်းပြောရင်း ဘ၀အတွေ့ကြုံတွေပါ ပြောဖြစ်တော့ ဦးလေးကြီးက
“သမီးရယ်၊ ဦးအမှန်တိုင်း ပြောရရင် သမီးလေးသာ ဦးရဲ့သမီးလေးဖြစ်ခဲ့ရင်
သိပ်ကောင်းမှာပဲလို့တောင် တွေးမိတယ် သမီးရယ်၊ သမီးကို ဦးရဲ့ကားပေါ်
တင်ခေါ်လာရတာ ဦးအတွက် တကယ့်မင်္ဂလာပါသမီးရယ်”တဲ့၊
ကျွန်မက
“ဘာဖြစ်လို့လဲ ဦးရယ်”လို့ မေးတော့
“သမီးကို ဦးလေးအမှန်တိုင်း ပြောမယ်နော်၊ သမီးလို အသက်ရွယ်နဲ့ ဘာသာရေးရော
မိဘတွေအပေါ် သိတတ်တာလေးကို သဘောကျလို့ပါ၊ ဦးလေးမှာလေ
သမီးလေးတစ်ယောက်ရှိတယ်၊ အခုသမီးက ပထမနှစ် ကျောင်းတက်နေပြီလေ၊ စာလည်း
အရမ်းတော်ပါတယ်၊ ဒါပေမဲ့သမီးရယ် ကျောင်းစာကလွဲပြီး စာပေဗဟုသုတ ဘာမှမဖတ်ဘူး၊
ဖတ်ဖို့လည်း အချိန်မရတော့ သမီးလို အဖေ့မေတ္တာကို နားမလည်ဘူး၊ ဦးလေးသေမှ
အဖေ့မေတ္တာကို နားလည်မယ်ထင်ပါတယ်၊ ဦးလေး စိတ်မကောင်းဖြစ်မိပါတယ်၊
ဒါပေမဲ့သမီးလေးကို ဘယ်တော့မှ စိတ်မကွက်ပါဘူး၊ သမီးလေးရှေ့ရေးအတွက်ပဲ
စိုးရိမ်ပြီး ဦးလေးအမြဲဆုတောင်းပေးပါတယ်၊ တစ်နေ့ နားလည်ပါစေလို့ပဲ
ဆုတောင်းနေမိတော့တယ် သမီးရယ်”တဲ့။
ဒါနဲ့ ကျွန်မလည်း မနေနိုင်တော့ပဲ သိချင်လာတာနဲ့
“ဦးလေးရယ် ဦးလေးသမီးက ဘယ်လိုနားမလည်တာလဲရှင်၊ ကျွန်မကို ပြောပြနိုင်မလား”
လို့မေးတော့
“သမီးရယ် သမီးကို တကယ့်သမီးအရင်းလို သဘောထားလို့ ဦးလေးပြောပြမယ်နော်၊
ဦးလေးမိန်းမက ရန်ကုန်သူလေ၊ ဦးလေးက မန္တလေးသားပေါ့၊ သမီးလေးကတော့
တစ်ဦးတည်းသော သမီးလေးပေါ့၊ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ
ငယ်ငယ်လေးကတည်းက ကျောင်းတက်ပြီးနေခဲ့တာလေ၊ သမီးလေးက စာအရမ်းတော်တာ၊
သမီးလေးကျောင်းစရိတ်အတွက် ဦးလေးက ကိုယ်ပိုင်တက္ကစီလေးမောင်းပြီး
ရှာကျွေးခဲ့တာပေါ့၊ ဒီလိုနေလာခဲ့တာ သမီးလေး ဆယ်တန်းရောက်ပြီး
တစ်နေ့မှာပေါ့၊ ဦးလေးက ကျူရှင်အပြန် သွားကြိုတယ်၊ ဦးလေးမောင်းတဲ့
တက္ကဆီကားလေးနဲ့ပေါ့၊ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ သမီးလေးက ‘အဖေ
နောက်ဆိုသမီးကို လာမကြိုပါနဲ့နော်၊ သမီးရှက်တယ်၊ သူငယ်ချင်းတွေက
ကဲ့ရဲ့ကြတယ်’တဲ့၊ နင့်အဖေက တက္ကစီမောင်းတယ်ပြောတယ်ပေါ့၊ ဦးလည်း ဘာမှ
ပြောမထွက်တော့ဘူး၊ ဦးလေး တအားစိတ်မကောင်းဖြစ်ခဲ့တယ်၊ အဲလိုနဲ့ ဦးလေးလည်း
မကြိုဖြစ်တော့ပါဘူး၊ ဒါပေမဲ့ သမီးလေးကို မျက်နှာ တစ်ချက်မငြိုးအောင်
အစစအရာအရာ လုပ်ပေးခဲ့ပါတယ်၊ ဦးလေးသမီးလေးက အင်္ဂါသမီးလေးဆိုတော့ အပတ်တိုင်း
ဘုရားသွားပြီး အလှူလုပ်ပေးတယ်၊ အဲဒ်ီလို လုပ်ပေးတဲ့အချိန်ဆို ဦးလေးကလေ
သမီးလေးကို ချော့မော့ခေါ်ပြီး ဘုရားပန်းကအစ အဆင်သင့်လုပ်ပေးပြီးမှ
ဘုရားရှိခိုးခိုင်းရတယ်၊ ဦးလေးက အဝေးကနေ နေရတယ်သမီးရယ်၊ သမီးလေး
ကျေနပ်ဖို့ ပျော်ရွှင်ဖို့ဆိုတော့ ဦးလေးပေးဆပ်ရတာ ပျော်ရွှင်ခဲ့ပါတယ်၊
အဲလိုနေလာရင်း ဟိုတလောက သမီးလေးက ‘အဖေနဲ့အမေတို့ ကျောင်းက
အပြန်လာကြိုပါ’လို့ဆိုတော့ ဦးလေးရင်ထဲမှာ ပျော်လိုက်တာ
အတိုင်းမသိပါပဲသမီးရယ်၊ ညနေကျတော့ ဦးလေးနဲ့ ဦးလေးမိန်းမ သမီးလေးကို
သွားကြိုတော့ သမီးလေးက ‘ကျောင်းနဲ့ လေးမှတ်တိုင်လောက်ဝေးတဲ့နေရာမှာ
စောင့်နေပါ’လို့ ဖုန်းဆက်လာတယ်၊ ဦးလေးလည်း ‘ဘာဖြစ်လို့လဲမိန်းမရယ်
သမီးလမ်းလျှောက်လာရင် ခြေထောက်ညောင်းမှာပေါ့၊ ကျောင်းအထိ
လိုက်ကြိုမယ်လေ’လို့ပြောတော့ ဦးလေးမိန်းမက ပြန်ပြောတယ်
‘တက္ကစီနဲ့လာကြိုတာကို သူ့သူငယ်ချင်းတွေ မမြင်စေချင်လို့ နေမှာပေါ့’တဲ့၊
ဦးလေးရင်ထဲ ဆို့တက်ပြီး မျက်ရည်တောင် လည်မိတယ်သမီးရယ်၊ ဒါနဲ့ ဦးလေးလည်း
သမီးအရမ်းကြိုက်တဲ့ မုန့်ဆိုင်မှာပဲ သမီးကို မုန့်ဝယ်ကျွေးမယ်လို့
စိတ်ကူးလေးနဲ့ လင်မယားနှစ်ယောက် ထိုင်စောင့်လိုက်ပါတော့တယ် သမီးရယ်”။
ဖခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့မေတ္တာကို ကျွန်မကိုယ်တိုင်ကြားခဲ့ရတော့
အဖေမရှိတဲ့ ကျွန်မအဖို့ အဖေ့ကိုသာ ပြန်ရလိုက်ချင်ပါတော့တယ်၊ အဖေရှိနေရက်နဲ့
အဖေ့မေတ္တာကို ဘာလို့နားမလည်နိုင်တာလဲ? ဘာလို့ အဖေ့အရိပ်ကို မလိုချင်တာလဲ?
သိက္ခာဆိုတာကို အဆင့်တန်းဆိုတာကို အဖေ့မေတ္တာနဲ့ လဲရက်ကြတာလား? စာပေတွေ
မဖတ်မိကြလို့ တကယ်နားမလည်ခဲ့ကြတာလား? ကျွန်မ ဝေခွဲလို့မရအောင်ကို
စိတ်မကောင်းဖြစ်မိပါတော့တယ်၊ တွေးပြီးငြိမ်နေတော့ ဦးလေးကြီးက..
“သမီးလေး၊ သမီးလေးက ဘာသာရေးဆောင်းပါးလေးတွေ ရေးတယ်ဆိုတော့ ဒီအကြောင်းလေးကို
ရေးပေးပါလားသမီးရယ်၊ ဦးလေးဘာမှ လိုချင်လို့ မဟုတ်ပါဘူး၊ ဦးလေးမသေခင်
သမီးလေးဒီစာလေးကိုဖတ်ပြီး ဦးလေးရဲ့ခံစားချက်ကို
နားလည်စေချင်လို့ပါသမီးရယ်”တဲ့၊
“ဟုတ်ကဲ့ပါဦးလေးရယ်၊ ကျွန်မဖြစ်အောင်ရေးပေးပါ့မယ်ရှင် ပြီးရင် ဒီဆောင်းပါးလေးပါခဲ့ရင်လည်း ကျွန်မဦးလေးဆီ အရောက်ပို့ပေးပါ့မယ်”
လို့ပြောတော့ ဦးလေးကြီးက မျက်ရည်လေးဝဲလို့
“သမီးလေးရယ်၊ တကယ်ကျေးဇူးတင်နေပါ့မယ်၊ လိုအပ်ရင် ဖုန်းဆက်နော် သမီးလေး”တဲ့၊
ကျွန်မရင်ထဲ အမည်မဖော်နိုင်လောက်အောင် ဝေဒနာတစ်ခုကို
နင့်နင့်နဲနဲလေးခံစားရင်း ကျွန်မဆင်းရမဲ့ မှတ်တိုင်လေးရောက်တော့ ဦးလေးကို
နှုတ်ဆက်ရင်း ကားပေါ်က ဆင်းလိုက်ပါတော့တယ်။
ကားလေးမောင်းပြီးထွက်သွားတဲ့ ဦးလေးကြီးအကြောင်းကို တွေးရင်း သားသမီးတွေ
ဘယ်လောက်ဆိုးဆိုး ဘယ်လောက်နားလည်မှုတွေ မရှိပေမဲ့လည်း မိဘမေတ္တာဟာ စမ်းရေပမာ
အမြဲစီးဆင်းနေပြီး အေးမြနေတယ်ဆိုတာရယ် တုနှိုင်းလို့မရအောင်
ကြီးမားမြင့်မြတ်တယ်ဆိုတာကို ကျွန်မပိုပြီး ခံစားနားလည်လာရပါတော့တယ်၊
ကျွန်မလို အဖေမရှိတော့တဲ့ သူတစ်ယောက်ကတောင် အဖေ့မေတ္တာကို တမ်းတပြီး
အဖေ့ရိပ်ကို လိုချင်နေမိတယ်ဆိုရင် အဖေရှိနေသေးသူတွေဟာ အဖေရဲ့မေတ္တာစေတနာကို
နားလည်ပြီး အဖေ့အရိပ်ကို အေးမြငြိမ်းချမ်းတဲ့အရိပ်အဖြစ် သိနားလည်ပြီး
အဖေ့ကျေးဇူးကို အဖေမသေခင် ပြန်လည်ပေးဆပ်နိုင်ပါစေလို့ ဆုတောင်းရင်း
ဒီဆောင်းပါးလေးကို ရေးသားလိုက်ခြင်းပါ၊ သားသမီးတိုင်း အဖေ့ကျေးဇူးကို
နားလည်နိုင်ကြပါစေရှင်၊ တုနှိုင်းမဲ့ရာ အဖေ့မေတ္တာကို သံသရာမဆုံးခင်
အပြုံးလှလှလေးတွေနဲ့ တကယ်အသုံးချတတ်ပါစေရှင်။ တကမ္ဘာလုံးမှာရှိတဲ့
အဖေများကို လေးစားလျှက် ..
လရိပ်လေး(မောင်းမကန်)