Pages

Saturday, January 9, 2016

***ချစ်မေမေသို့***

ဆုံးမဲ့မေတ္တာ ဖြစ်တည်ပါလျက်
ရင်မှာလွယ်မွေး ကိုယ့်ရင်သွေးကို
သေဘေးမကြောက် ရဲရဲတောက်၍
စောင့်ရှောက်ပေးတာ အမေပါ။


လူလားမြောက်ကာ ကြီးပြင်းလာက
ပညာမွေပေး ဘဝရေးကို
တွေးတောဆင်ခြင် လမ်းစမြင်အောင်
သွန်သင်ဆုံးမ လမ်းညွှန်ပြလျက်
ချစ်ပြခဲ့တာ အမေပါ။

အဖေလည်းဆုံး ငွေကြေးရှုံးလည်း
အပြုံးမပျက် ရုန်းကန်လျက်ဖြင့်
နေ့ရက်ချိန်ခါ မရွေးပါပဲ
ကြမ္မာဆိုးမှ ရင်သွေးလှကို
ထွန်းပစေတာ အမေပါ။

အရိုးကိုစား အသားထားလျက်
သားသမီးးတွက် မြဲဖြည့်စွက်ကာ
အိပ်ပျက်ညရေး မမှုသေးပဲ
နွေးထွေးပွေ့ဖက် မေတ္တာသက်၍
အိပ်စက်စေတာ အမေပါ။

ပညာထွန်းတောက် လူလားမြောက်၍
လျှောက်ကြအဝေး ဖယ်ခွာပြေးလည်း
မအေးရင်ဝယ် သောကနွယ်လျက်
မှန်းရွယ်ဆုတောင်း မေတ္တာလောင်းကာ
နေ့ပေါင်းများစွာ စောင့်မျှော်ကာဖြင့်
လာလမ်းငေးတာ အမေပါ။

ငွေကြေးသာပေး ရေမြေဝေးလျက်
ရင်သွေးမဟာ ပြန်မလာပဲ
ရာသီကာလ ကုန်ဆုံးရ၍
တသသဖြင့် ရွှေရင်နင့်ကာ
လွမ်းခွင့်ကြုံတာ အမေပါ။

ချစ်လှရင်သွေး သွေးသက်လေးကို
ထွေးပွေ့ရင်မှာ ထားချင်ပါလည်း
ဝမ်းစာရေးတွေး ဘဝဘေးကြောင့်
သွေးမျက်ရည်ကျ ရင်နာလှလျက်
ခွဲရတာလည်း အမေပါ။

လူ့သားတိုင်းတွက် အမေဆက်တဲ့
အသက်ကစ ဖြစ်တည်ရလျက်
ရှေးကသမိုင်း တုယှဉ်နှိုင်းလည်း
မရိုင်းဘယ်ခါ မရှုံးပါပဲ
ကမ္ဘာတခွင် မှတ်တမ်းတင်ရစ်
ချစ်စစ်ပြတာ အမေပါ။

ကဗျာဆရာ လူများစွာတို့
ရေးကာဖွဲ့နွဲ့ ဂုဏ်ပြုခဲ့လည်း
မေ့ရဲ့မေတ္တာ ကြီးမားတာမို့
ဘယ်ခါမနိုင် လက်မှိုင်ချ၍
ရှုံးကြသည်သာ သူတို့ခမျာ။

တောတောင်မြေကြီး ပြိုပျက်စီး၍
ရေမီးကမ္ဘာ မရှိပါလည်း
တည်နေမည်မှာ မေ့မေတ္တာမို့
အခါခါလွမ်း စိတ်ဝယ်မှန်းလျက်
စိမ့်စမ်းမျက်ရည် ဝေ့ကာသီ။

နောင်ဘဝရယ် ရှိခဲ့မယ်ဆို
တနယ်တကျေး ဘယ်မဝေးပဲ
သွေးနဲ့ရင်းကာ မေ့မေတ္တာကို
နီးမှာနေရက် အသက်ထက်ဆုံး
မပျက်မယွင်း မေ့ခြေရင်းတွင်
ချခင်းလျက်သာ ဆပ်ရပါလို
သစ္စာဆိုရင်း မေ့ချစ်ခြင်းကို
ပြစ်ကင်းစင်စွာ ရှိခိုးပါသည်
သာဓုခေါ်ပါ ချစ်မေမေ။

လရိပ်လေး(မောင်းမကန်)
31. 12. 2015
http://layeiklay.blogspot.com/

No comments:

Post a Comment