ရနံ့သစ်များဝေဖို့
မျိုးစေ့ချတုန်း ဗုံးအပင်တွေပဲ
ပေါက်ပေါက်လာတယ်။
ရမ္မက်တဏှာနဲ့ ကိုင်းကူး
ဖားတစ်ပိုင်း ငါးတစ်ပိုင်း အဖူးများ
ရှင်သန်လတ်ဆတ်လို့။
ကြည့်မှန်မလိုတော့တဲ့ ခေတ်
နေ၀င်ချိန်ကိုပဲ မော်ဖူးနေရ
ဘ၀က ကြမ္မာဆိုရင် ခံသာပါရဲ့
အခုက မက်လုံးပြပြီး
နောက်ကျောကို လှံနဲ့ထိုးစိုက်။
လက်ချောင်းများ မညီမျှခြင်းနိယာမက
အနာဂတ်ကို ပုံသွင်းနိုင်တယ်။
စိတ်ထားတွေ နင်းပြားဖြစ်နေရင်
ဘ၀တွေ အိုးစားကွဲလိမ့်မယ်။
အပင်တိုင်းမှာ အမြစ်ရှိရင်
ပြဿနာတိုင်းရဲ့ အရင်းမြစ်ကို
ဆွဲနုတ်တတ်ရမယ်။
သွေးလိုရင် သွေးဖြည့်
ဓားဆိုရင် ထက်အောင်သွေး
ငြိမ်းချမ်းရေးကို လှလှလေး
ပေါင်းသင်ကြ။
ကိုယ့်သမိုင်းသန့်ဖို့
မေတ္တာပန်းခင်းထဲ
ရဲရင့်ခြင်းပဲ ချပျိုးခဲ့ပါ။
လရိပ်လေး (မောင်းမကန်)
(23 .10 .13 )
No comments:
Post a Comment