မရင့်ကျက်သေးပေမဲ့  အနှစ်မဲ့တာတွေလည်းရှိတယ်
ကျားသာမရှိရင် သမင်တွေအစားခံရမတဲ့လား
အာသာပြေဖို့ အတွက် ဟာတာတာတွေကိုမှ အငမ်းမရဖက်တွယ်
ရမ္မက်ခိုး တဝေေ၀စို့ ပြီး အသပြာနဲ့ ပစ်ပေါက် ရသကိုခံစား
အမှောင်လမ်းကို ခပ်ပါးပါးလေးလှီးလို့ 
တဏှာမိုးတွေ စွေနေကြတာ
ငရဲခန်းအကတွေ တရွဲရွဲ.......။
မိုးသက်လေပြင်းဆိုတာမရှိရင်
သက်တန့် လေးတွေကပေါ်လာနိုင်မှာတဲ့လား
ကြမ္မာတစ်ချက်အဟတ်မှာ မတရားသက်သက်အရှက်ပျက်တယ်
မီးလောင်ရာလေပင့် ပွဲလန့် တုန်းဖျာခင်းတယ်
မျက်နှာလွှဲခဲပစ် စားပြီးနားမလည်
ငတေတွေ အတော်မာနေကြတယ်........။
သမင်ကလည်း သမင် ကျားကလည်း ကျား
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တဲ့ခေတ်မှာ
ဘယ်သူ့ အပြစ်ထား အငြင်းပွားမလဲ
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်လို့ 
ချိတ်, ချိတ်ချင်းသာ ချိတ်ရတာပါ။
အကြောင်းကိုမစစ် ဝေဖန်ခြင်းအတတ်တွေနဲ့ 
မိန်းကလေးတွေရဲ့ အပြစ်သက်သက်သာရှုတ်ချလို့ 
တစ်ဖက်သတ်အမြင်ထင် ပါးစပ်အရသာခံချင်နေကြတော့
ဘယ်မှာလာ အမှန်ဝင်လေမလဲ
အပြုသဘောဆောင် စေတနာသာပြောင်ခဲ့ရင်
နှစ်ဖက်အမြင် ကြည်ကြည်လင်လင်နဲ့ 
ဝေဖန်လို့ သာ အကြံပြုစေချင်တာပဲရှင်........။....(လရိပ်လေး)
No comments:
Post a Comment