Sunday, November 24, 2013
**မိတ်ဆွေစစ်**
စာအုပ်စာပေ ဖတ်ကြလေ
သုတရသ စုံလှပေ။
စာပေပညာ စဉ်လေးစား
စုတုပြုကာ မှတ်သားထား။
စာဖတ်များလျှင် ဥာဏ်လည်းရွှင်
တိုးတက်စေတဲ့ ကြောင်းရင်းပင်။
စာကောင်းတွေ့လျှင် မျှဝေသွား
ဖတ်ရှုသူတွက် အကျိုးများ။
လရိပ်လေး (မောင်းမကန်)
(၁၁ . ၁၁ .၂၀၁၃)
Wednesday, November 13, 2013
*****အုံ့ပုန်းချစ်*****
ခန့်ညားထယ်ဝါ ၊ မယ့်ရင်သာသည့်
ညမှာခြယ်မှုန်း ၊ လနှယ်ပြုံးကာ
နှလုံးကြည်လင် ၊ ပြစ်ကင်းစင်၍
ချစ်ချင်းဆောင်ငင် ၊ မောင့်သွင်ပြင်ကို
ရွှေရင်စွဲငြိ တွယ်မိတယ်။
ရင်ဝယ်လှုပ်ရှား ၊ နှလုံးသားက
စေစားမိန့်မြွက် ၊ ရွှန်းလဲ့လဲ့နှင့်
ကြင်ဖက်တူစုံ ၊ ချစ်ခွင့်ဆုံဖို့
ခိုလှုံသိမ့်သိမ့် ၊ အချစ်စိတ်ဖြင့်
တိတ်တိတ်ကလေး မျှော်မိတယ်။
နူးညံ့ဖြူစင် ၊ မောင့်ရင်ခွင်ကြား
ခိုဝင်နားကာ ၊ နွေးထွေးစွာဖြင့်
နှစ်လွှာအသဲ ၊ ယှဉ်လျှက်တွဲကာ
မခွဲအတူ ၊ ချစ်ကြည်ဖြူလျှက်
မငြုစူပဲ နေချင်တယ်။
စိတ်ဝယ်ရည်စူး ၊ အချစ်ဦးနှယ်
ပွင့်ဖူးချစ်ငွေ့ ၊ ရင်ဝယ်မွေ့လျှက်
ထွေးပွေ့ကြည်နူး ၊ အချစ်ဖူးတွေ
အဦးအဖျား ၊ မောင့်သဲကြားမှာ
ငွားငွားစွင့်စွင့် ပွင့်ချင်တယ်။
ရင်ဝယ်ဦးစွာ ၊ ချစ်မိပါလည်း
မောင့်မှာချစ်ဦး ၊ ရှိခဲ့ဖူးတော့
အရူးပုံနှယ် ၊ သောကကြွယ်လို့
ရင်ဝယ်ချပျိုး ၊ ချစ်စကြိုးကို
တိုးတိတ်ပုန်းပုန်း ၊ ဖြေလျှော့ရုန်းကာ
အုံ့ပုန်းလေးပဲ ချစ်တော့မယ်။...
လရိပ်လေး (မောင်းမကန်)
(၇ .၁၁ .၂၀၁၃ )
****ချစ်မီး****
ရွှေရင်ဝယ် တွယ်ငြိလို့
နွယ်မိသည့် ချစ်ကြိုးငယ်
ပူလွန်းလှတယ်။
မီးလိုနှယ်
ရင်ဝယ်ကျွမ်းလဲ (လည်း)။
နွမ်းပါစေ အံကြိတ်ခဲ
ချစ်စိတ်မွှန်ဆဲ။
လရိပ်လေး (မောင်းမကန်)
(၄ . ၁၁ .၂၀၁၃)
Saturday, November 2, 2013
**သွေးချင်း**
အမျိုးဘာသာ စောင့်ထိန်းကာ
သာသနာတွက် ဆောင်ရွက်ပါ။
မြတ်စွာဗုဒ္ဓ တရားများ
ရင်ဝယ်ထားလို့ မေတ္တာပွား။
တိုင်းကားပြည်ရွာ သာစေချင်
ညီညွတ်စွာပင် အားမာန်ပြင်။
သွေးချင်းများရဲ့ အင်အားများ
မြန်ပြည်အတွက် လာဘ်တစ်ပါး။
လရိပ်လေး (မောင်းမကန်)
(၂ .၁၁ .၂၀၁၃)
ဓာတ်ပုံကို အင်တာနက်မှယူထားပါသည်။
*****ကျွမ်းမြေ့အလွမ်း*****
ချစ်ကြိုးသွယ် ငင်လာ
နွဲ့နှောင်းမလီ မေတ္တာနှင့်
သည်းဆိုင်မှာ လှုပ်ကာယိမ်းတယ်
မေ့ချစ်သည်းရယ်။
မြတ်မျိုးနွယ် ဘုန်းရောင်တင့်ပါလို့
ရွှေရုပ်လွှာ မေ့သခင်
နှောင်ငင်ရစ် အဆတိုး
တွယ်တာချင် သူသိနိုးမို့
ရှက်သွေးဖြာကြွယ်။
ကြိတ်ပိုးသွယ် တိတ်တခိုးရယ်မို့
မခို့တရို့ ပူပင်
မူပိုကာ ရင်ဝယ်သိမ်းကာဖြင့်
တွေးခက်လေခြင်း။
ရစ်တိုးတွယ် ချစ်နွံနစ်ကျွံရ
နွမ်းလျရင် ဖြေမရွှင်
ကျွမ်းရင်နင့် လွမ်းရင်ဆင့်ပါလို့
မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့သီလျှက်
လွမ်းဆိပ်သက်နှင်း။
အတွေ့ခက်လေတော့
နီးရက်တွေ ကြုံဖို့ရေး
အခါခါတွေး ရင်မှာနာ
မခံသာ ဖြေရာမဲ့
လွမ်းလျှက်သာပင်။
မိုးစက်ပမာ မျက်ရည်ဝေ့သီလို့
အသည်း လှိုက်စားနာကျင်
ဖြေမရွှင် နေထိပန်းလိုပါ့
နွမ်းလျမရွှင်။
ချစ်ပန်းကိုဆင် ချစ်ရင်ခွင်မှာ
ခိုဝင်ကာ နေချင်လဲ (လည်း)
ချစ်ကံကမွဲ။
သူမကြင် တမင်စိမ်းလို့ကွယ်
မမြင်ချင် ဟန်ဆောင်လွှဲတယ်
လွမ်းရိပ်ရယ်ကဲ။
မုန်းသခင် တမင်လွှဲလဲ
ပျိုပျိုခင် ကြင်နာအသဲနဲ့
ကမ်းလင့်မျှော်ဆဲ။
လရိပ်လေး (မောင်းမကန်)
(၃၁ .၁၀ . ၂၀၁၃)
***စတုတ္ထမြင့်မိုရ် ......သို့***
ပန်းပျိုးတဲ့လက် ၊ စုတ်ပေမဲ့လည်း
မငဲ့ဘ၀ ၊ ရသမျှဖြင့်
ကြောင့်ကြကင်းတိပ် ၊ မေတ္တာရိပ်မှာ
ထွေးသိပ်လို့သာ ၊ တတ်ပညာကို
သင်ကာစွမ်းဆောင် ဖေ့ဂုဏ်ရောင်။
ဘ၀ခရီး ၊ ကြိမ်ပုံမီးနှယ်
ဖိစီးပါလည်း ၊ ရင်ဆိုင်ရဲကာ
စွဲမြဲဇွဲဖက် ၊ အံတုဆက်ပြိုင်
သည်းသက်ပိုင်စေ ၊ ဘ၀နွေထဲ
မသွေကြိုးစား ဖေ့စိတ်ထား။
လေးစားဖွယ်ရာ ၊ ဂရုဏာနှင့်
မြင့်ရာအရောက် ၊ လမ်းစဖောက်၍
တင်မြှောက်ညွှန်ပြ ၊ ဘ၀လှအောင်
လမ်းပြကြယ်သွင် ၊ သည်းသက်ယှဉ်လျှက်
ဆင်ယင်ဖွဲ့ထုံး ဖေ့ဖေ့ပြုံး။
ဘာသာတရား ၊ အလေးထားကာ
ပွားများမေတ္တာ ၊ စေတနာနှင့်
အရာရာကို ၊ အသိပိုအောင်
ပြောဆိုဆုံးမ ၊ ကြင်နာမျှ၍
ဖေးမလေတာ ဖေဖေပါ။
အဖေ့မေတ္တာ ၊ နှိုင်းတုရာမဲ့
ကြင်နာခဲ့၍ ၊ မမေ့စိတ်ဝယ်
အရိပ်နှယ်ဖြင့် ၊ တစ်ရစ်ရစ်တိုး
ဆက်ချစ်မဆုံး ၊ ရစ်ချည်ထုံး၍
ရွှင်ပြုံးကာပင် တူနေချင်။
ကံကြမ္မာညှိုး ၊ အတိတ်ဆိုးက
ရိပ်မိုးကာသာ ၊ နှိပ်စက်တာမို့
ကြွေရှာဝိညဉ် ၊ ဝေးလွင့်စင်သည်
မခင်ဘ၀ ၊ ဖယ်ခွာရတော့
တမ်းတမျက်ရည် ဝေ့လေပြီ။
ရင်နာကြေကွဲ ၊ လွမ်းနေဆဲမို့
ရင်ထဲဆို့ကာ ၊ ပို့မေတ္တာဖြင့်
ရောက်ရာဘုံဘ၀ ၊ ထိုဌာနမှ
အမျှရစေ ၊ တောင်းဆုခြွေသည်
အဖေသုဂတိ လားပါစေ။.
လရိပ်လေး (မောင်းမကန်)
(၂၉ . ၁၀ .၂၀၁၃)
Subscribe to:
Posts (Atom)








