Pages

Friday, July 14, 2017

***ပညာရှင်ဆန်ဆန် ဖြေရှင်းဆွေးနွေးတတ်ကြပါစေ။***

လူတွေအများစု ကိုယ့်နဲ့တန်ရာတန်ရာ
အခန်းကဏ္ဍအလိုက် ဘယ်လိုမျိုးကူညီဖြေရှင်းပြီး
တာဝန်ယူလုပ်ဆောင်ကြမလဲ မစဉ်းစားနိုင်ဘူး။

သေရင်ထားခဲ့ရမဲ့ နေရာ၊ ရာထူး ၊ ဂုဏ်ပကာသနတွေပြိုင်
အပြန်အလှန် တိုက်ခိုက်ရင်း စကားလုံးတွေကြား
လမ်းဆုံးနေကြတယ်။

ပြဿနာဖြေရှင်းခြင်းဆိုတာ ပညာလို့လက်ခံရင်
ပညာရှင်ဆန်ဆန် ဖြေရှင်းဆွေးနွေးတတ်ကြပါစေ။

လရိပ်လေး (မောင်းမကန်)
၁၂.၇.၂၀၁၇
http://layeiklay.blogspot.com/

***ချစ်မဲ့ရာသို့ ***

အနာတရ များလှခေတ်ဝယ်
ထာဝရသည်ကား တိမ်လွှာများနှယ်
လေကြားလွင့်ပြယ် အချစ်ကွယ်သည်။

အစစ်လို့ထင် ချစ်မိရင်ဖြင့်
ဘဝင်ပူဆွေး သောကထွေးလျက်
လွမ်းရေးဆင်ကာ ငိုရသည်။

သိပါသော်လည်း ချစ်နွံထဲ၌
ဝဲကာလည်၍ တသိမ့်သိမ့်တိုး
ချစ်စိတ်မိုးလို့ ပျော်ကြသည်။

အချစ်တဏှာ ပစ်ခွာချင်လည်း
ရင်မှာနွယ်ယှက် ချစ်ရေစက်ကြောင့်
သက်နဲ့ရင်းလျက် ချစ်ဖူးသည်။

အကယ်၍များ
အချစ်မသိ ချစ်မရှိသည့်
နတ္ထိကမ္ဘာ တွေ့ခဲ့ပါမူ
ပြေးကာသွား၍ နေတော့မည်။

လရိပ်လေး (မောင်းမကန်)
၁၀.၇.၂၀၁၇
http://layeiklay.blogspot.com/

***ကော့သောင်းပင်လယ် လွမ်းရိပ်ချယ်***


လေပြေလေညှင်း ရနံ့ဆင်းနှင့်
ခင်းကျင်းကြည်သာ ပင်လယ်ပြာဝယ်
ရင်မှာကြုံထား အတိတ်များနှင့်
စိတ်အားငယ်ရာ ချစ်ဝေဒနာကို
ချန်ကာထားရစ် ခဲ့လေပြီ။

အတိတ်နောင်တ ကြုံခဲ့ရလည်း
ဘဝတွက်တာ သင်ခန်းစာဟု
ရင်မှာမှတ်ယူ စိတ်သစ်မူ၍
တမူထူးစွာ ပြောင်းခဲ့ပြီ။

လူ့ဘဝဆိုတာ ခဏတာမို့
ဖြစ်ရာပျက်ရာ ဓမ္မတာကို
ရင်မှာသိထား ပညာအားဖြင့်
စိတ်နားပန်းဖြေ သဘာဝမြေဝယ်
လေပြေညှင်းလေး ရှူခဲ့သည်။

လရိပ်လေး(မောင်းမကန်)
6.7.2017
http://layeiklay.blogspot.com/

Friday, June 30, 2017

***ပင်လယ်ပြာပြာ လွမ်းအက္ခရာ***


တစ်ခဏတာ ဆုံရပါလည်း
ရင်မှာတွယ်ငြိ သူ့အကြည့်နှင့်
မချိအလွမ်း သူပေးစွမ်းလျက်
တမ်းတစေတာ ပင်လယ်ပြာ။


ပင်လယ်ပြာလှ ငေးခွင့်ရလျက်
သဘာဝရှုခင်း အလှဆင်းသည်
စိတ်ရှင်းကြည်လဲ့ ပျော်စေခဲ့လည်း
ဖော်မဲ့သူလေး ရင်ဝယ်ဆွေးလျက်
လွမ်းရေးသာငင် မပျော်ရွှင်။

ချစ်ရည်တူမျှ ယှဉ်တွဲရလျက်
သည်အလှအား ခံစားခွင့်သာ
ရခဲ့ပါမူ သည်အငူဝယ်
ပြိုင်သူမဲ့ရှား ကြင်နာထား၍
ချစ်အားပိုမိ ပေတော့မည်။

လရိပ်လေး (မောင်းမကန်)
29.6.2017
http://layeiklay.blogspot.com/

***YBS***


မနက်ကသတင်းမှာ YBS ကားအသစ်တွေ ထပ်တိုးဖို့ ကိစ္စပြောသွားတယ် ဝမ်းသာစရာပါ။
ထပ်တိုးမဲ့နေရာတွေထဲမှာ လှိုင်သာယာ၊ ဘုရင့်နောင် သမိုင်းဈေးဘူတာဘက် ဆွဲနေတဲ့ 61ကားလိုင်းတစ်ခုကိုသာ ထပ်တိုးပေးရင် အရမ်းကောင်းမှာပဲလို့ တွေးမိတယ်။
အချိန်တိုင်းပြည့်သိပ်နေပြီး ခြေချစရာနေရာမရှိအောင်
ခရီးသည်များ အခက်ခဲရှိနေပါတယ်။


တခါတလေဆို ဆင်းမဲ့မှတ်တိုင်မှာ ဆင်းလို့မရအောင်တောင် ပိတ်လှောင်နေပါတယ်။

မိန်းကလေး ယောက်ကျားလေးခွာရပ်ဖို့မပြောနဲ့
ခြေတောက်တစ်ဖက်ပဲချလို့ရပါတယ်။
အခက်အခဲများကို သိရှိအောင် တာဝန်ရှိသူများ
တကယ်လေ့လာဆန်းစစ်ပြီး ဖြည့်စွက်ပေးသင့်တယ်လို့မြင်ပါတယ်။

တစ်ချို့သောသူတွေက တင်ပြချင်တဲ့အကြောင်း
ကားပေါ်မှာပြောဆိုနေကြတယ်။ သို့သော် ၆၆/ ဃ
နဲ့အရေးယူခံရမှာ ကြောက်လို့ပါတဲ့လေ။

ဒီ 61ကားလိုင်းဟာ
တကယ့် အလုပ်သမားတွေနေ့တိုင်း စီးနေရတာမို့
တာဝန်ရှိသူများ သေချာလေ့လာပြီး ကားများထပ်တိုး
ပေးသင့်ပါကြောင်း တင်ပြပါရစေရှင်။
ပြည်သူများအားဝန်းရံစေချင်သော
YBS မစီးသော သူဌေးများ နားလည်မှုများဖြင့်
နေ့တိုင်းတိုးကြိတ်စီးနေရသော ခရီးသည်များအား
ဝိုင်းဝန်းကူညီနိုင်ကြပါစေလို့။

လရိပ်လေး မောင်းမကန်
27.6.2017
http://layeiklay.blogspot.com/

***ဝမ်းသာစွာနဲ့ ဂုဏ်ယူမိလို့***


"ဟလို ဆရာမရှင် သမီးလာမလို့ အိမ်မှာရှိလားရှင်"
"ရှိတယ်သမီး နေမကောင်းလို့နားနေတယ် လာလာရှိတယ်သမီး"
 ဆရာမကြီး ဒေါ်ကြူကြူသင်းရဲ့ ဝမ်းသာအားရ ဖြေကြားသံ

"ဟလို တီဝါလား သမီး ဆရာမကြီးဆီ ထွက်လာတော့မယ်
တီဝါလာပြီလား"
"လာနေပြီသမီးရေ"
"ဆရာမကြီးနေမကောင်းဘူးဆိုလို့ ဖက်ထုပ်ပြုတ်ဝယ်နေတယ် သမီးရေ"
ဆရာမ ဝါဝါထင်လင်းရဲ့ ချိုသာသောအသံ

ထားဝယ်မြို့ ရွှေဂုဏ်ထူး ဘော်ဒါဆောင်၌ပြုလုပ်မည့်
စာပေဟောပြောပွဲအတွက် တိုင်ပင်ဆွေးနွေးရန်
ဆရာမ ဝါဝါထင်လင်း ချစ်စနိုးခေါ် တီဝါနှင့်ဆရာမကြီးကြူကြူသင်းဆီ
သွားရန် မနေ့ညကတည်းကချိန်းဆိုထားခဲ့သည်။

နေ့လည် ၁၂နာရီ ရောက်သွားသည်။ စာပေဟောပြောပွဲအတွက် ဖုန်းဆက်ရင်း
လိုင်းဖွင်ပြီး စကားအပြောမှာ
ဆရာမ ကောင်းကင်မေ၏ ဆုယူနေတဲ့ပုံတွေ ဖေ့ဘုတ်မှတက်လာသည်။

"ဆရာမကြီး ဆရာမသမီး ကောင်းကင်မေ ဝတ္ထုတို ဆုယူနေတဲ့ပုံတွေ တက်လာတယ်"

"ဟေ.. ဘယ်မှာလဲ ပြပြ ယူပေးပါသမီးရေ
ဆရာမဖုန်းက ဘာဖြစ်နေလဲမသိဘူး ပုံတွေမတွေ့ရဘူး
အမြန်ပြပါ၊ ပုံယူနည်းလည်းသင်ပေးသမီး
ငါ့သမီးကတော်တာ သူများတွေကပြောတယ် စာရေးနည်းသင်တန်းက ဘာမှအကျိုးမရှိဘူးတဲ့လေ
သိပ်ရှိတာပေါ့ အခုသမီးလေး ကောင်းကင်မေ အောင်မြင်မှုတွေရနေပြီ ဆုတွေယူနေပြီ ဟယ် အနီရောင်လေးနဲ့ လှလိုက်တာ ပြပါအုံး ဝါဝါရေ"

နေမကောင်းတာကို မေ့ပြီးပြုံးပျော်နေတဲ့ ဆရာမကြီးကို
မြင်နေရတာ အမှောင်ညမှာ လင်းထိန်နေတဲ့ လမင်းကြီးလိုပါပဲ။

တကယ်ကျေနပ်မိတယ် ဆရာတစ်ယောက်၏ မေတ္တာတရား သည်မျှနက်ရှိုင်းလှပါလား
သည်လောက်ထိ စာပေနှင့် စာပေဝါသနာပါသူတွေကို
ဆရာမကြီး သားသမီးအရင်းတွေလိုချစ်ပါလား
ကြည့်ရင်း တွေ့ဆုံခွင့်ရခဲ့တာကို ကြည်နူးမဆုံးတော့ပါဘူး။

တီဝါကလည်း ဆရာမကြီးကို ကောင်းကင်မေရဲ့ ပုံတွေ
ရှာပြီးပို့ ပုံတွေပြ ပါးစပ်ကလည်း မနားတမ်း
"ဒီကလေးမလေး တကယ်တော်တာ တကယ်ချစ်စရာကောင်းတာ"
ပြောနေလိုက်တာ ကြည်နူးမဆုံး မနေနိုင်တော့ဓာတ်ပုံ
ခိုးရိုက်လိုက်တာ ဆရာမ ကောင်းကင်မေရေ
တကယ်ကိုဝမ်းသာစွာနဲ့ ဂုဏ်ယူမိလို့ ရေးတင်လိုက်ပြီနော်။

ကိုယ်တွေက ငါးမရ ရေချိုးပြန်ဆိုသလို
ဆုမရလို့ ချီးကျူးမခံရပေမဲ့
ထမင်းလည်းစားရတယ် တီဝါဆီကရော
ဆရာမကြီးဆီကရော စာအုပ်လက်ဆောင်ရကြောင်း
မနာလိုဖြစ်သူများ ပျော်ရွှင်စေသတည်း။

လရိပ်လေး (မောင်းမကန်)
26.6.2017
http://layeiklay.blogspot.com/

***ပရဟိတ***

လူတစ်ယောက်အား
အပေါ်ယံကြည့်၍
အထင်ကြီးတတ်ခြင်းသည်
အမှားကို လက်သင့်ခံခြင်း တစ်မျိုးပင်ဖြစ်သည်။

ဥာဏ်ပညာသည်
လူကိုယဉ်ကျေးစေရန်
ထိန်းကျောင်းပေးသော်လည်း
တဏှာသည်
လူကိုရိုင်းစိုင်းစေရန်
လမ်းညွှန်တတ်၏။

အများအကျိုးကို သေသည်အထိ
ရိုးသားစွာလုပ်ဆောင်ရန်
အဓိဌာန်ချထားသူများသည်
တဏှာဟူသည့်အရာကို
ပယ်သတ်ထားရပေမည်။

ထိုသို့မဟုတ်လျင်
ပရဟိတလုပ်သူမဟုတ်ပဲ
ပရဟိတလုပ်စားသူအဖြစ်သာ
အမည်တွင်ကျန်ရစ်ပေလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
၂၂.၆.၂၀၁၇
http://layeiklay.blogspot.com/