Pages

Friday, June 9, 2017

***အမှာပါးချင်***

လွမ်းခွင့်မရှိသော်လည်း
ချစ်မိသည့်နှလုံးသား
အဆိပ်သင့်ထားသည်မို့
လွမ်းစကားလေး
အမှာပါးချင်ပါရဲ့လေ။

လရိပ်လေး( မောင်းမကန်)
4.6.2017
http://layeiklay.blogspot.com/

***အတွေးကြေးမုံ***

အမှောင်ထုအောက်က မီးရောင်တွေကြား
မပီဝိုးတဝါး မြင်ကွင်းတွေဆီငေးရင်း

အလင်းဖြစ်တည်ဖို့
အမှောင်ကစတေးခံရတာလား
အမှောင်ညအတွက်
အလင်းကစတေးခဲ့လေသလား

အရူးသာသာအတွေးစိတ်ကူးက
ကိုယ့်ဘဝကိုယ် ပြန်မြင်နေရ

တစ်နေ့တာအချိန်ရဖို့
တစ်ညတာအိပ်ရေးအပျက်ခံ
ရန်ကုန်မှ နေပြည်တော်ခရီးလေးက
ညအလှကြား ခစားလျက်ပေါ့

လရိပ်လေး( မောင်းမကန်)
4.6.2017
http://layeiklay.blogspot.com/

Tuesday, May 30, 2017

***နှုတ်ဖျားစကား ငြိမ်းစေအား***

မနာလိုစိတ် ယိုကာဖိတ်လျက်
စိတ်ကြွလာသော် ဒေါသမွှန်၍
နှုတ်ကျွံစကား စည်းမထားပဲ
ဆဲဆိုကြတာ ကြောက်စရာ။

သူမှားကိုယ်မှား အပြိုင်မှားသော်
စော်ကားဆဲဆို အတ္တပိုသူ
ထိုလူသည်ကား ပို၍မှားလျက်
လားရာလွဲမှာ အသေချာ။

ဘယ်သူမှားမှား ကိုယ်တရားရှိ
နှုတ်ဖျားသတိ စောင့်စည်းသိလျက်
ညှိုနှိုင်းလက်တွဲ မေတ္တာမြဲမှ
သွေးမကွဲမှာ တကယ်ပါ။

အကြောင်းပြကာ ဆဲဆိုပါလည်း
ဆဲသည့်စကား ပါးစပ်ဖျားက
ပြစ်မှားမိသူ ထိုလူသည်သာ
ပူလောင်ရမှာ တကယ်ပါ။

ငြိမ်းချမ်းရာစစ် တကယ်ချစ်လျင်
အပြစ်ထောက်ပြ စကားလှဖြင့်
နှုတ်ကချိုသာ ဆိုလှည့်ပါမှ
သာယာလှပ အေးမည်ပ။

လရိပ်လေး( မောင်းမကန်)
29.5.2017
http://layeiklay.blogspot.com/

***နှိုင်းတုစံရှား အမေ့စကား***

ဖုန်းမကိုင်တတ် ဖုန်းမဆက်တတ်လို့
သမီးနဲ့မြေးလေးကိုဖုန်းမဆက်ရတဲ့အမေ၊ သူများဖုန်းခေါ်တဲ့အချိန်မှ ငါလည်းပြောပါရစေလို့အလုအယက်ဝင်လာပြောတတ်တဲ့အမေ၊
ဖုန်းဝယ်ထားပေးပေမဲ့ မဆက်ရဲတဲ့အမေ
ဒီနေ့တော့ *********

မနက် ၈နာရီ ရန်ကုန် ဘားအံကားပေါ်မှာ လမ်းဘေးက
အစိမ်းရောင်ရှုခင်းအလှကြည့်ရင်း စာဖတ်လိုက်
သီချင်းနားထောင်လိုက်နဲ့ ကြည်နူးနေမိတယ်။

သဘာအလှတွေကြည့်ရင်း အမေ့ကိုလွမ်းလို့
ဖုန်းဆက်တော့ အမေဖုန်းမကိုင်
အပြင်သွားတာဖြစ်မှာပါလို့ ဖုန်းချလိုက်တယ်။

၁၀ နာရီလောက်ဆိုတော့ မေမေလို့ရေးထားတဲ့
ဖုန်းဝင်လာတယ်။ ချက်ချင်းကိုင်လိုက်ပြီး
"အမေဖုန်းခေါ်တတ်ပြီပေါ့" လို့ မေးတော့

"မြေးလေးကိုလုပ်ခိုင်းပြီးခေါ်တာလေ"

"သမီးခေါ်ထားတယ်လေ "တွေ့လားမေးတော့
မကြည့်တတ်ဘူး မသိဘူးတဲ့လေ။

"သမီးခေါ်ထားတာတွေ့လို့ခေါ်တယ်ထင်လို့
မေးတာပါ" ပြောတော့ " မဟုတ်ပါဘူး ဈေးကပြန်လာတာနဲ့
သမီးကို လွမ်းလို့ သတိရလွန်းလို့ ခေါ်တာပါ"တဲ့

ပြောစရာစကားတွေ ခဏမေ့သွားတယ်
အမေရယ် ပျော်လိုက်တာလို့ သမီးလည်းသတိရလို့
ဆက်ထားတာပါလို့ ပြန်ပြောတော့ အမေကျေနပ်တယ်။

စကားတွေအများကြီးပြောဖြစ်တယ်
အမေလွမ်းတဲ့အချိန် သမီးရှိနေသလို
သမီးလွမ်းတဲ့အချိန် အမေရှိနေပေးတာ
တုနှိုင်းစရာ စကားလုံးမရှိအောင်ပျော်ရပါတယ် အမေ။

ဘယ်လောက်ပင်ပန်းပါစေ
အမေ့အသံလေးကိုကြားရပြီး
သွားနေရတဲ့ သည်ခရီးကတော့
လကမ္ဘာကို အလည်သွားကြတဲ့ ခရီးထက်တော့
ပိုတန်မယ်ထင်ပါတယ် အမေရယ်။

ကျွန်မ အောင်မြင်နေပါပြီ။ လိုချင်သမျှကျ့န်မဘေးမှာရှိနေပြီ။
အခုချိန်မှာ ကမ္ဘာမှာ စိတ်အချမ်းသာဆုံး
အတော်ဆုံးလူသားတစ်ယောက်ကိုပြပါဆိုရင်
အဲဒီလူက အမေလွမ်းနေတဲ့ အမေ့ရဲ့သမီးပဲဖြစ်မှာပါလေ။

လရိပ်လေး(မောင်းမကန်)
၂၆.၅.၂၀၁၇
http://layeiklay.blogspot.com/

***တနင်္သာရီတိုင်းခရီးစဉ်***

တနင်္သာရီတိုင်းအတွင်း
စွန့်ဦးတီထွင်စီးပွားရေးလုပ်ဆောင်နေသူများ လုပ်ဆောင်မည့်သူများကို
ကူညီပံ့ပိုးဖို့ စေတနာဖြင့်
အပင်ပန်းခံစိတ်ရှည်လက်ရှည် ကွင်းဆင်းလေ့လာမှု
အပိုင်းကို ဦးဆောင်ညွှန်ကြားပေးသော
Monitoring & Evaluation Officer
Entrepreneurship and SME Support
အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိ
ဆရာမအေးပုလဲလှိုင်အား တနင်္သာရီတိုင်းရဲ့ 

သင်တန်းသားတွေကိုယ်စား ကျေးဇူးတင်လျက်ပါ။

ထားဝယ်မှာ field ဆင်းပြီး မနေ့က ရန်ကုန်ညနေပြန်ရောက်...
ခုမန္တလေးမှာဆက်ခါပေါ့ ...
မြိတ် ပုလော ထားဝယ် ...
စွန့်ဦးတီထွင်စီးပွားရေးလုပ်ဆောင်နေသူများ ၊
လုပ်ဆောင်မည့်သူများ ...
ILO SIYB စီးပွားရေးစီမံခန့်ခွဲမှုနည်းပညာ အသုံးချမှု....
ထိရောက်မှုအကျိုးရလဒ် အကဲဖြတ်ကွင်းဆင်း....impact assessment....
ရလဒ်ကောင်းများသိရ၍ အမောပြေ.....
မြိတ် ပုလော ထားဝယ် townships များတွင်
စွန့်ဦးတီထွင်စီးပွားရေးလုပ်ဆောင်နေသူများ ၊
လုပ်ဆောင်မည့်သူများကို ဦးစီးသင်ကြားပေးပါသော
ILO SIYB trainers များ အားလုံးအား ကျေးဇူးတင်လျက်.....

လရိပ်လေး (မောင်းမကန်)
၁၆.၅.၂၀၁၇
http://layeiklay.blogspot.com/
 

Wednesday, May 3, 2017

***တိုးတက်ပြောင်းလဲခြင်း***


ဝေဖန်တာလား၊ ထောက်ပြတာလား၊
အကြံပြုတာလားဆိုတာကို
ကွဲကွဲပြားပြား မလုပ်နိုင်၊ မသိနိုင် လက်မခံတတ်သေးသမျှ 
တိုးတက်ပြောင်းလဲခြင်းဆိုသည့်အရာသည်
ပိုပို ဝေးလာလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
၁.၅.၂၀၁၇
http://layeiklay.blogspot.com/

***လွမ်းမိတယ်***

သည်ပန်းများကြား မေပြုံးထားလည်း
စိတ်အားကငယ် လွမ်းစိတ်ကြွယ်လျက်
ရင်ဝယ်ချစ်ဖူး မေ့သည်းဦးကို
အရူးပုံနှယ် လွမ်းမိတယ်။

လရိပ်လေး (မောင်းမကန်)
18.4.2017
http://layeiklay.blogspot.com/