Pages

Wednesday, March 8, 2017

***လိုက်လျောညီထွေနေတတ်မှ***

နိမ့်ချရိုကျိုးလွန်းက
လူတို့အထင်သေးတတ်၏။

ပွင့်လင်းလွန်းက
လူတို့ပျက်ရယ်ပြုတတ်၏။

သင့်တင့်မျှတသော ပတ်ဝန်းကျင်နှင့်
လိုက်လျောညီထွေနေတတ်မှ
လူပီသပေမည်။

အမှားတွေ့မှ အမှန်ရောက်နိုင်သော်လည်း
မမှားခင် ဆင်ခြင်က ပိုသင့်တော်၏။

လရိပ်လေး (မောင်းမကန်)
၇.၃.၂၀၁၇
http://layeiklay.blogspot.com/

***ACTION LEARNING TOT TRAINING မိတ်ဆက် ညစာစားပွဲလေး***

ဘာမှမသိပဲ နုံအလွန်းတဲ့သူကို
Trainer ဖြစ်ချင်စိတ်ရှိလာအောင်
စတင်ပျိုးထောင်ပေးခဲ့သော
ဆရာမသန္တာအောင် နဲ့
ILOရဲ့စီးပွားရေးသင်ရိုးကို
လူအများစုဆီမျှဝေခွင့်ရအောင်
လမ်းညွှန်ဆွဲခေါ်ပေးသောဆရာမ Minty Aung

ဒီဆရာမဆီတွေဆီမှာ
မနက်ဖြန် ပညာတွေထပ်သင်ယူရအုံးမယ်ဆိုတော့
မသင်ရခင်တောင် ကျွန်မအတွက် ပြီးပြည့်စုံရင်း
အံ့ဩဝမ်းသာမှုတွေက ရင်နှင့်မဆံ့အောင်ပါပဲရှင်။

ကိုယ်ပိုင်ရပ်တည်ခွင့်ရအောင်
ကူညီဖေးမပေးသော ဆရာမများကို
အစဉ်ဦးခိုက်လျက်
မနက်ဖြန်အတွက်အားသစ်တွေမွေးဖွားရင်း
ACTION LEARNING TOT TRAINING
မတိုင်ခင် မိတ်ဆက်တွေ့ဆုံရင်း ညစာစားပွဲလေး
နေပြည်တော် Hotel Max.

လရိပ်လေး(မောင်းမကန်)
5.3.2017
http://layeiklay.blogspot.com/

***ယုံကြည်မှုကိုမဲ့စေသူများ***

ပေးကမ်းစွန့်ကြဲခြင်းနှင့်
ကိုယ်ချင်းစာတရားထားခြင်းသည်
ကွာခြားမှုရှိသည်။

ငါဟူသော အတ္တအစွဲရှိသူများသည်
သူတစ်ပါးအားစော်ကားနှိမ့်ချရန်
ဝန်မလေးတတ်ကြပေ။

ခေါက်ရိုးကျိုးနေသော
အထက်စီးဆန်သည့်
ဆက်ဆံမှုများကြောင့်
တစ်ဖက်သားစိတ်ဓာတ်အား
ရိုက်ချိုးသကဲ့သို့ ဖြစ်တတ်သည်။

အသေမြတ်ဖို့အတွက်
အနေတတ်ဖို့ လိုနေကြောင်း
ပိုပိုသိလာရသည်။

လူဖြစ်နေကြခြင်းကြောင့်
လူသားဆန်၍
အမှန်တရားသည်
လမင်းတိမ်ဖုံးသကဲ့သို့
မဲမှောင်လာတတ်သည်။

ယုံကြည်မှုကိုမဲ့စေသူများသည်
လူသားများဖြစ်ပြီး
လူတို့စိတ်သည်ကား
ကြောက်စရာအကောင်းဆုံး
လူသတ်လက်နက်ဖြစ်သည်။

လရိပ်လေး(မောင်းမကန်)
၎.၃.၂၀၁၇
http://layeiklay.blogspot.com/

***ကျဆုံးခန်း***


အောင်မြင်မှု၏ နောက်ကွယ်၌
ပျော်ရွှင်ခြင်းတို့ ကျဆုံး၏။

ဟန်ဆောင်မှု၏ နောက်ကွယ်၌
ရိုးသားခြင်းတို့ ကျဆုံး၏။

အငြိုးအတေး၏ နောက်ကွယ်၌
မေတ္တာတရားတို့ ကျဆုံး၏။

ဒေါသတရား၏ နောက်ကွယ်၌
သည်းခံနိုင်စွမ်းတို့ ကျဆုံး၏။

အမြင်မကြည်ခြင်း၏ နောက်ကွယ်၌
နားလည်မှုတို့ ကျဆုံး၏။

မှားယွင်းသောစော်ကားမှု၏ နောက်ကွယ်၌
ချစ်ခြင်းတရားတို့ ကျဆုံး၏။

အတ္တ၏ နောက်ကွယ်၌
ငြိမ်းချမ်းခြင်းတို့ ကျဆုံး၏။

သေခြင်းတရား၏ နောင်ကွယ်၌
လွတ်မြောက်ခြင်းတို့ ကျဆုံး၏။

အရာအားလုံး၏ နောက်ကွယ်၌
ကျွန်မယုံကြည်မှုများ ကျဆုံး၏။

လရိပ်လေး( မောင်းမကန်)
၃.၃.၂၀၁၇
http://layeiklay.blogspot.com/

***ယူသောလက်တွေ နည်းပါစေ***


ပေးသူယူသူ မြဲကြည်ဖြူလည်း
မတူသဘောထား ကွဲပြားပါမူ
စိတ်နာကျင်လျက် အမုန်းဖက်ကာ
မိတ်ပျက်ကြောင်းသာ ရှိတတ်သည်။

ဖြူစင်စိတ်ထား ဆိုသော်ငြားလည်း
လူသားများတွင် အတ္တခင်ကာ
တဏှာရာဂ သမုဒယကြောင့်
မျှတမှုတွေ မေ့တတ်သည်။

လူပီသချင် လူစစ်ချင်က
ပေးချင်စိတ်သာ မွေးမြူပါလျက်
ပေးလာခဲ့မူ တွေးဥာဏ်ကူ၍
မယူသင့်က ရှောင်ကြလေ။

သို့မှသာလျင် ဘဝစဉ်တွင်
ရွှေရင်အေးမြ နှလုံးလှလျက်
လမ်းစကောင်းတွေ ရလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
3.3.2017
http://layeiklay.blogspot.com/

***အရောင်ပြောင်းလဲ***

မျှော်လင့်ချက်မဲ့သည့် ပေးဆပ်ခြင်းသည်
လူတိုင်းတွင်မရှိနိုင်။

ဖြစ်စေချင်သည့်အတ္တ၊ ပိုင်ဆိုင်ချင်သည့်အတ္တ၊
မောဟဖုံးလွမ်းနေသည့် တဏှာတို့သည်
ပေးဆပ်သူတို့၏ မသိစိတ်တွင်း ခိုအောင်းနေတတ်သည်။

အသိစိတ်ကပေးဆပ်၍ မ
သိစိတ်ကရလိုနေခြင်းကြောင့်
မေတ္တာတရားသည်
အရောင်ပြောင်းလဲ၏။

လရိပ်လေး (မောင်းမကန်)
၂၈.၂.၂၀၁၇
http://layeiklay.blogspot.com/

***သိမ်မွေ့လှပတဲ့ပညာရပ်တစ်ခု ဆည်းပူးခွင့်၏ရလဒ်ကောင်း***

စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခက်အခဲကို ဘယ်လိုကူညီဖြေရှင်းပေးမလဲ၊
ဘယ်လိုအဖြေရှာပေးမလဲ၊
လုပ်ငန်းတိုးတက်အောင်မြင်အောင်ဘယ်လိုပံ့ပိုးပေးမလဲဆိုတဲ့
လက်တွေ့ကျတဲ့ပညာရပ်တွေအပြင်၊
လူသားအရင်းအမြစ်တွေကိုဘယ်လိုအသုံးချမလဲ၊
Facilitator တစ်ယောက်အတွက် အရေးပါဆုံးအချက်တွေရရှိခဲ့ပါပြီ။

လူ့ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေ ရလိုက်တာမို့
အတိုင်းထက်လွန်ပီတိဖြစ်ရပါတယ်ရှင်။

အနာဂတ်လူငယ်များအတွက် အကျိုးပြုဖို့မျှော်မှန်းရင်း
အတ္တဟိတမှ ပရဟိတသို့

လရိပ်လေး( မောင်းမကန်)
၂၆.၂.၂၀၁၇
http://layeiklay.blogspot.com/