Pages

Sunday, June 15, 2014

***ချဉ်ခြင်း***


ပန်းမျိုးတစ်ရာ
ပွင့်နေပါလည်း
ကေသာထက်တွင် မပန်ချင်။

ရသစုံစွာ
တီးခတ်ပါသည့်
သံသာတေးလည်း မကြားချင်။

ခေတ်ကိုလိုက်ကာ
ဖွံ့ဖြိုးပါသည့်
အိမ်ရာတွင်လည်း မနေချင်။

သွေးချင်းများပင်
စစ်မက်ဆင်သည့်
ဖြစ်စဉ်ကိုလည်း မမြင်ချင်။

ပန်းစုံရသ
ငြိမ်းချမ်းလှသည့်
အေးမြ မြန်ပြည် မြင်ချင်သည်။

လရိပ်လေး (မောင်းမကန်)
(၁၀၊ ၆၊ ၂၀၁၄)
http://layeiklay.blogspot.com/

***ချစ် ရာဇဒဏ်****


မချစ်တတ်သူရဲ့
ရက်စက်လွန်းတဲ့ မျက်ဝန်းမှာ
အယူခံဝင်ချင်ပေမဲ့လည်း
သေမိန့်ကျပြီးသား လွမ်းသင့် နှလုံးသားရဲ့
ငိုရှိုက်သံကို ဘယ်သူသိနိုင်မလဲလေ။

မကြင်နာတတ်သူရဲ့
မာကျောလွန်းတဲ့ အသည်းမှာ
ချစ်ပန်းပွင့်ခွင့် ရချင်လည်း
အမုန်းဆိပ်သင့် အလွမ်းမြစ်ပဲ
နှောင်တွယ်ရစ်တာ ဘယ်သူသိနိုင်မလဲလေ။

ကဗျာ မဆန်ချင်ပေမဲ့
ဘယ်သူမှမသိနိုင်တဲ့ အလွမ်း ဆိုတဲ့
ချစ်ရာဇဒဏ်ကို မိုက်မဲစွာခံယူရင်း
ရင်တစ်ခြမ်း စတေးထားဆဲပါ ......ချစ်သူ။

လရိပ်လေး(မောင်းမကန်)
(၁၁ . ၆ ၂၀၁၄ )
http://layeiklay.blogspot.com/

စတုတ္ထမြင့်မိုရ် ......သို့


ပန်းပျိုးသည့်လက်
ကြောယှက်ပြိုင်းပြိုင်း၊ ရှုတိုင်းမလှ
ဘဝအခြေ၊ မတင့်ပေလည်း
စိတ်နေတိုးမြှင့်၊ ကြံစည်လင့်ရှာ
အဆင့်ပညာ၊ မြင့်စေပါအောင်
ကြိုးကာစွမ်းဆောင် ဖေ့ဂုဏ်ရောင်။

ဘ၀ခရီး ၊ ကြိမ်ပုံမီးနှယ်
ဖိစီးပါလည်း ၊ ရင်ဆိုင်ရဲကာ
စွဲမြဲဇွဲဖက် ၊ အံတုဆက်ပြိုင်
သည်းသက်ပိုင်စေ ၊ ဘ၀နွေထဲ
မသွေကြိုးစား ဖေ့စိတ်ထား။

လေးစားဖွယ်ရာ ၊ ကရုဏာနှင့်
မြင့်ရာအရောက် ၊ လမ်းစဖောက်၍
တင်မြှောက်ညွှန်ပြ ၊ ဘ၀လှအောင်
လမ်းပြကြယ်သွင် ၊ သည်းသက်ယှဉ်လျက်
ဆင်ယင်ဖွဲ့ထုံး ဖေ့ဖေ့ပြုံး။

ဘာသာတရား ၊ အလေးထားကာ
ပွားများမေတ္တာ ၊ စေတနာနှင့်
အရာရာကို ၊ အသိပိုအောင်
ပြောဆိုဆုံးမ ၊ ကြင်နာမျှ၍
ဖေးမပြုရှာ ဖေဖေပါ။

အဖေ့မေတ္တာ ၊ နှိုင်းတုရာမဲ့
ကြင်နာခဲ့၍ ၊ အမေ့စိတ်ဝယ်
အရိပ်နှယ်ဖြင့် ၊ သွယ်သွယ်ဆင့်ကိုး
အချစ်ကြိုးဖြင့်၊ မိုးမြေတဆုံး၊ ကျယ်စေအုံး(ဦး)တော့
ရွှင်ပြုံးကာပင် တူနေချင်။

ကံကြမ္မာညှိုး ၊ အတိတ်ဆိုးက
ရိပ်မိုးကာသာ ၊ နှိပ်စက်တာမို့
ကြွေရှာဝိညာဉ် ၊ ဝေးလွင့်စင်သည်
မခင်ဘ၀ ၊ ဖယ်ခွာရတော့
တမ်းတမျက်ရည် ဝေ့လေပြီ။

ရင်နာကြေကွဲ ၊ လွမ်းနေဆဲမို့
ရင်ထဲဆို့ကာ ၊ ပို့မေတ္တာဖြင့်
ရောက်ရာဘုံဘ၀ ၊ ထိုဌာနမှ
အမျှရစေ ၊ တောင်းဆုခြွေသည်
အဖေသုဂတိ လားပါစေ။.

လရိပ်လေး (မောင်းမကန်)
http://layeiklay.blogspot.com/

ပန်းစေတမာန် (သုတ ရသ စာစု - ၂ ) မှ

ပန်းစေတမာန်



ပန်းစေတမာန် စာအုပ်မိတ်ဆက်ပွဲမှာ
စာရေးဆရာကြီးများနဲ့ အမှတ်တရ





သင်တန်းအတူတူ တက်ခဲ့တဲ့ စာရေးဆရာမ များနဲ့
ပန်းစေတမာန် စာအုပ်မိတ်ဆက်ပွဲ
ဒုတိယကြိမ်မြောက် အောင်မြင်မှု အတွက် ၀မ်းသာဂုဏ်ယူရင်း

 

Thursday, June 5, 2014

***အညတရ ရှိုက်သံ***


မမျှတတဲ့ လမ်းကို ကျောကပ်
မဝရေစာ ကိုယ့်ဝမ်းစာတွက်
မြေပြင်မှာ လူးလှိမ့်ရင်း
ဆန့်တငင်ငင် ဘ၀က
ခါးသက်သက် ပြင်းရှရှ ခံခက်လှတယ် အမေ။

ရေမြေတောတောင် မီးရောင်တွေက
ဘယ်သူတွေတွက် ရည်ညွှန်းထားလဲ
ကြမ္မာကို အတင်းတရားခံလုပ်
ချဉ်ခြင်းတွေ မြိုမြိုချနေရတယ် အမေ။

ရှိုက်သံတိုင်း သွေးစက်လွှမ်း
မမြင်မစမ်းနဲ့ ခေတ်သစ်ကို တမ်းတရင်း
ဘ၀က နွမ်းနွမ်းလာတယ် အမေ။

မိုးလား ကဲလား ၀င့်ကြွားသံများက
တစာစာအော် ကမ္ဘာကျော် စောင်းကြိုးညှိသံက
နားရည်ဝရင်း အူလမ်းကြောင်း ခြောက်ကပ်လာပြီ အမေ။

အ၀စား ငါးရာဆိုပေမဲ့
တပြားသားမှမပိုင်တဲ့ ကျွန်တော်
အမေ့ကို အဖော်လုပ် ရို့ရို့လေး
တောင်းနေရတယ် အမေ။

အညတရ ရှိုက်သံကို
မကြိုဆိုကြပေမဲ့ အမှောင်လမ်းက
ဇာတ်သိမ်းခန်းလို လောကကို
အရောင်မဆိုးရက်တော့ဘူး အမေ။

လရိပ်လေး(မောင်းမကန်)
(၃ . ၆ ၂၀၁၄ )

http://layeiklay.blogspot.com

Monday, May 12, 2014

*** အဖြည့်ခံ ကိုယ်ရံတော်****


အလိုမပြည့်တဲ့ အတ္တကိုဖြေလျော့ချင်တဲ့ခါ
သူ့ကိုပဲ တင်းတင်းဆုပ်ကိုင်ပြီး အော်ငေါက်မိ။

စိတ်နွမ်းကြေလို့ ဖြေမသိတဲ့ခါ
သူ့ကိုပဲ ရင်ဖွင့်လို့ ငိုခဲ့မိ။

တမ်းတခြင်းတွေ စုပုံလာတိုင်း
သူ့ကိုပဲ ပွေ့ဖက်ရင်း ဖြေသိမ့်မိ။

တိုင်းပြည်ကြီး မွဲတေနေတာမြင်တဲ့ခါ
သူ့ကိုပဲ တိုင်တည်ပြီး ပြောပြမိ။

စစ်ဘေးကြီးတွေ မြင်တိုင်းလည်း
သူ့နဲ့ အတူ ငြိမ်းစေကြောင်း ဆုတောင်းမိ။

အမေ့ကို လွမ်းမိတဲ့ ခါ
သူ့ကိုပဲ ကူညီတောင်းရင်း
နွေးထွေးမှုကို တောင်းဆိုမိ။

မိတ်ဆွေများအား မေတ္တာမျှချင်တဲ့ခါ
သူ့ကိုပဲ စေခိုင်းမိ။

သူဟာ ကျွန်မ အတွက်
အမြဲတမ်း အဖြည့်ခံ ကိုယ်ရံတော်
(သို့မဟုတ်) အချစ်ရဆုံး
ကဗျာ လေးပေါ့။

လရိပ်လေး (မောင်းမကန်)
(၁၂ . ၅ .၂၀၁၄)
http://layeiklay.blogspot.com/

Sunday, May 11, 2014

*****မပျက်နေ့စဉ် ပန်းပျိုးရှင်*****


ဒီနေ့ အမေများနေ့တဲ့လားလေ ကျွန်မ ရင်ထဲပျော်ရွှင် ကြည်နူးမိပါတယ်။ လူတိုင်းအမေ့ကိုသတိရစေဖို့ အမှတ်ထားစရာနေ့လေးပေါ့။ ဒါပေမဲ့ ကျွန်မအတွက်တော့ အမေက နေ့တိုင်း ရက်တိုင်း စက္ကန့်တိုင်းရှိနေခဲ့တာပါ။ ကျွန်မ အမေဟာ ကျွန်မတို့ ညီအမတွေကို ပဲပြုတ်ရောင်းပြီး ကျောင်းထားခဲ့တာပါ။

ဒါကြောင့် ကျွန်မပဲပြုတ်ကို ကိုယ်တိုင်ပြုတ်တတ်နေခဲ့တာပေါ့။ ဟိုတလောက ကျွန်မ စီးပွားရေးနည်းပညာသင်တန်းမှာ နည်းပြအဖြစ်အရွေးချယ်ခံခဲ့ရတယ်။ ကျွန်မတို့ပြန်လည်ပို့ချရမဲ့ သင်ခန်းစာမှာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ကုန်ကြမ်း နည်းပညာရယ် နည်းလမ်းရယ် ထုတ်ကုန်ရယ် ဈေးကွက်ရယ် အချိတ်ဆက်ရှိတယ် ဆိုတာကို ပြန်လည်ရှင်းပြဖို့ အကြောင်းအရာ တစ်ခုပါလာခဲ့တယ်။

ကျွန်မလည်း ကိုယ်တိုင်လုပ်ဖူးခဲ့တဲ့ အမေ့ရဲ့ အမွေဖြစ်တဲ့ ပဲပြုတ်တဲ့ နည်းလေးကို အခြေခံပြီး အကုန်လုံး နားလည်နိုင်အောင် ပြန်လည်ရှင်းပြပို့ချခဲ့ပါတယ်။ ကျွန်မလည်း တင်ပြလို့အပြီး သင်တန်းမှူးတွေရော စောင့်ကြည့်နေတဲ့ သူအကုန်လုံးက ကျွန်မရဲ့ ရှင်းပြ ပုံလေးက အရမ်းလွယ်ကူတယ်လို့ ပြောပြီး ကျွန်မကို အရမ်းတော်တယ်လို့ ချီးကျူးးခံရတယ်။

ကျွန်မကို သူငယ်ချင်းတွေက မေးကြတယ်၊ တကယ်ပဲပြုတ်တတ်လားတဲ့လေ။ ကျွန်မ ရဲရဲဝံ့ဝံ့ပြန်ဖြေခဲ့တယ်။ ကျွန်မ အမေနဲ့အတူတူ ရှစ်တန်းအောင်တဲ့ထိလုပ်ခဲ့ဖူးတယ်ပြောလိုက်တော့ အကုန်လုံးက ကျွန်မကို အထင်မသေးတဲ့ အပြင် ရိုးသားလို့ဆိုပြီး ကွန်ဂရက်ကျူလေးရှင်း တဲ့လေ။

အဲဒီအချိန်မှာ ကျွန်မ အမေ့ကိုလွမ်းလွန်း၊ ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင်ကျတယ်။ အမေက ခုချိန်ထိ ကျွန်မရဲ့ ဂုဏ်ရည်ကို မြှင့်တင်ပေးနေတုန်း အမေ့အရိပ်က ကျွန်မကို အေးမြစေတုန်းဆိုတာ မျက်ဝါးထင်ထင်သိလိုက်ရတယ်။

ဒါကြောင့် ကျွန်မအတွက် အမေက အမေနေ့မှ မဟုတ်ပါဘူး စက္ကန့်တိုင်း အချိန်တိုင်းမှာ အေးမြလွန်းတဲ့ အရိပ်စစ်တစ်ခုပါ။ ဒါကြောင့် အမေ့ကိုလွမ်းရင်းနဲ့ အမေများနေ့ကို ဂုဏ်ပြုရင်း ကဗျာလေးတစ်ပုဒ်ကို မတတ်တတတ်လေးပဲ ရေးလိုက်ပါတယ်ရှင်။

*****မပျက်နေ့စဉ် ပန်းပျိုးရှင်*****

စက္ကန့်တိုင်းမှာ အေးရိပ်ဖြာ၍
မေတ္တာပေးဝေ အေးမြစေကာ
စမ်းရေနှယ်အေး ပန်းလိုမွှေးလျက်
ရောင်သွေးစုံညီ နှိုင်းမမှီသည့်
စာစီမဆုံး မေ့မေ့ပြုံး။

ဘဝဒုက္ခ ကြုံဆုံရချိန်
မှန်းဆရုံမျှ ပြည့်စုံလှသည့်
လောကထိပ်ခေါင် ပန်းငွေရောင်ဆင်း
ပူလောင်ကင်းရာ မေ့ကြင်နာကို
လွမ်းကာနေမိ ရင်မချိ။

လောကဂယက် သောကဖက်လည်း
မပျက်မေတ္တာ မြဲစေကာဖြင့်
သက်ပါပေးရဲ သတ္တိခဲဟု
စွဲမြဲတင်စား ရင်ဝယ်ထားလျက်
လေးစားနေမှာ ချိန်တိုင်းသာ။

နေ့ရက်မရွေး အမေ့သွေးက
စိမ့်အေးစီးဆင်း ငြိမ်းအေးခြင်းကို
အပ်နှင်းပေးဆက် ရက်မပျက်မို့
နေ့ရက်တိုင်းသာ မေနေ့ပါဟု
ရင်မှာတင်စား ဦးခိုက်ထားလျက်
ရေးသားတင်ဆက် မေမေ့တွက်။

လရိပ်လေး(မောင်းမကန်)
(၁၁ . ၅ .၂၀၁၄)
http://layeiklay.blogspot.com/