Pages

Tuesday, December 17, 2013

***ဆောင်းလ***



ဆောင်းဦးစခါ
ဖြူစင်စွာ သဇင်သင်း။

နှင်းစက်ရယ်ဖြာ
လေပြေပါ သွဲ့သွဲ့ညှင်းတော့
မွှေးလိုက်လေခြင်း။

လရိပ်လေး (မောင်းမကန်)
(၁၂ .၁၂ .၂၀၁၃)

***လွမ်းရိပ်***



ဆောင်းဝဿန်ခါ
ပင်လယ်ပြာ ကမ်းခြေစပ်မှာ
လမ်းလျှောက်မိရာ။

နှင်းစက်မှုံလွှာ
အေးစိမ့်ကာ ငွေ့ရည်လူး။

ကြင်ဖူးသူ ပျို့ငယ်ကျွမ်းကို
လွမ်းမိအထူး။

လရိပ်လေး(မောင်းမကန်)
(၉ .၁၂ .၂၀၁၃ )

Sunday, December 8, 2013

***အဖြေမရှိတဲ့ ပုစ္ဆာ***



ပေါင်း နုတ် မြောက် စား မကျွမ်းကျင်တော့
ဘ၀ညီမျှခြင်းက
မသိကိန်းပဲ အစားထိုးနေရ။

မြင်ကွင်းက ကျယ်လိုက် ကျဉ်းလိုက်
မျက်လုံးကမွဲတာလား
ချိန်ဆမှုပဲ လွဲတာလား
ဦးနှောက်ထဲ မရေရာ။

ရှေဆက်သွားမလား နောက်လှည့်လေမလား
လမ်းခုလတ်မှာ အနာဂတ်ကေ၀၀ါး
ဘ၀ကောက်ကြောင်းတွေမှား
အသိတွေ အမှောင်ကျခဲ့ရ။

မသိကိန်းရဲ့ တန်ဖိုး
ဘ၀နဲ့ရင်းကာ တွက်ချက်တော့
တည်ကိန်း မဲ့နေသမျှ
ကစဥ့်ကလျားတွေ နဲ့က။

မြင်ရက်နဲ့ မျက်ကန်းဖြစ်
ကြားရက်နဲ့ နားမှာတစ်
ပြောချင်ရက် ဆွံ့အလို့
ဘယ်သူ့ကြောင့် ဘာကြောင့်။

ပုစ္ဆာဆိုတာ အဖြေရှိပေမဲ့
မိုးခါးရေ သောက်သူများ
သူတို့ရဲ့ အမှန်တရားက
အခုထိ အဖြေမရှိ။

လရိပ်လေး (မောင်းမကန်)
(7 .12 .2013)

****တို့တောရွာ****



ပျိုလေးတို့ရွာ
တောင်ခြေမှာ
သာယာလှပ ငြိမ်းချမ်းစွ။

ရွာအ၀င်လမ်း
အုန်းပင်တန်း
စိမ့်စမ်းရေကျ စိမ်းမြမြ။

ငှက်များတွန်ကြူး
စိတ်ကြည်နူး
ရွာဦးအလှ တင့်တယ်စွ။

တောင်ပေါ် ထိပ်ဖျား
စေတီများ
တည်ထားခဲ့ကြ သပ္ပါယ်လှ။

ရွာတောင်ဘက်ခြမ်း
ရေပူစမ်း
နတ်နန်းတမျှ ဆန်းကြယ်လှ။

ရွာနောက်ဘက်မှာ
ပင်လယ်ပြာ
တံငါလုပ်ကြ ၀မ်းရေးရ။

ရွာအလယ်နား
ဈေးတည်ထား
ခန့်ညားလှပ ဂုဏ်ရှိစွ။

ရွာသူတွေလည်း
စကားဝဲ
နားထဲကြားရ ချစ်မ၀။

မြို့နဲ့လည်းနီး
လမ်းခရီး
မညည်းညူရ ဆင်ပြေစွ။

နတ်ရွာလို့ပင်
တင်စားချင်
စာပင်ရှုံးရ တို့ရွာလှ။

ရွာအမည်မှန်
တင့်ပေဟန်
မောင်းမကန်လို့ မှည့်ထားပြန်။

အလည်လာပါ
ဖိတ်ခေါ်တာ
တို့ရွာဓလေ့ တို့ဓလေ့။

လရိပ်လေး (မောင်းမကန်)
(၆ .၁၂ .၂၀၁၃)

***အမေ့အားမာန်***



ဗန်းလေးငယ်ငယ်
ဈေးရောင်းဖို့ ခေါင်းထက်တွယ်
စောင်းလျှက်ရွက်သယ် ။

သမီးငယ် ကျောင်းတက်ဖို့
တွေးဖက်လို့ကွယ်။

မျက်နှာမယ် ပြုံးရိပ်ကြွယ်
ပန်းနှယ်လန်းဆန်း။

လမ်းတကာ လှည့်ကာသွားလို့
အားမာန်နဲ့လှမ်း။

လရိပ်လေး(မောင်းမကန်)
(၃ . ၁၂ .၂၀၁၃)

***သောက၏ဆန္ဒ***


တဏှာနွံနစ်
ချစ်ကျွန်ဖြစ်
စွဲရစ်အတ္တ ပူလောင်လှ။

ချစ်စိတ်မွှန်လျှင်
မှန်မမြင်
စွဲခင်မောဟ ဗျာများရ။

ချစ်အားကုန်လျှင်
မုန်းစိတ်ဝင်
ရွှေရင်ပူလှ လွမ်းဆိပ်ရှ။

ချစ်လည်းမခင်
လွမ်းစိတ်စင်
ကိုယ်ပင်ဖြစ်ရ ခုဘ၀။

လရိပ်လေး(မောင်းမကန်)
(၁ .၁၂ .၂၀၁၃)

Friday, November 29, 2013

***လွမ်းသက်တဲ့ဆောင်း***



မိုးရက်တွေကုန်….။

ဆောင်းမှာဆို နှင်းရည်ဆင်း
ပန်းမင်း ဇင်ထုံ။

လေညှင်းကသုန်
နှင်းမှုန်က ကျီစား။

စိတ်မရွှင် အခန်းဆက်မယ့်
လွမ်းရက်ရှည်လျား။

လရိပ်လေး (မောင်းမကန်)
(၂၉ .၁၁ .၂၀၁၃)