Pages

Sunday, November 24, 2013

***မြင်ကွင်း***



မြန်မာပြည်မှာ
မာယာဆင် စစ်ခင်း။

သွေးသက်ခန္ဓာ ညှီဟောင်ထပ်တယ်
လုပ်ဇာတ် သတ်ကွင်း။

လရိပ်လေး (မောင်းမကန်)
(၂၂ .၁၁ .၂၀၁၃)

**စာသင်ခန်း**



စာပေပညာ လေ့လာရင်းနဲ့
အချင်းချင်းတွေ ရိုင်းပင်းကွယ်။

ဆရာများကို ရိုသေကြလို့
သင်ပြတာတွေ မှတ်သားမယ်။

မေတ္တာဝေကာ ကြင်နာထားလျက်
သွေးချင်းများနှယ် ချစ်ကြကွယ်။

ပညာနို့ရည် တူတူသောက်လို့
ပန်းတိုင်ရောက်အောင် ကြိုးစားမယ်။

ကြိုးစားကွယ်……ကြိုးစားမယ်။


လရိပ်လေး (မောင်းမကန်)
(၁၈ . ၁၁ .၂၀၁၃)

ဓာတ်ပုံကို အင်တာနက်မှရှာ၍ တင်ထားခြင်းဖြစ်ပါသည်။

***နွားကျောင်းသား***



ရွာရှေ့ဖျားက ညောင်ညိုရိပ်
နွားကျောင်းသားလေး မောဖြေသိပ်။

စားကျက်ရိပ်မှာ နွားတို့ပျော်
နွားကျောင်းသားလေး တေးဆိုအော်။

ပြုံးပျော်ရင်းသာ ပုလွေမှုတ်
နေမင်းကြီးကို ဖက်မလုပ်။

ရိုးရိုးမှုတ်တဲ့ ပုလွေသံ
တောတန်းလေးထိ ပျံ့လွင့်ညံ။

စီစီညံတဲ့ ငှက်သံများ
ပုလွေသံအောက် ပျောက်လို့သွား။

နေဝင်သွား၍ မိုးချုပ်လာ
နွားတို့ရှိရာ ပြေးရရှာ။

တစ်ကောင်မကျန် ပြေးကာစု
နွားကျောင်းသားလေး သူ့အမှု။

လရိပ်လေး (မောင်းမကန်)
(၁၅ .၁၁ .၂၀၁၃)

***လွမ်းစေတမာန်***



ရွှေကျေးငယ်ရေ ၊ တနယ်မြေမှ
သည်းကြွေချစ်ဖူး ၊ မေ့သဲဦးကို
စူးစူးနစ်နစ် ၊ ချစ်နေရစ်ကြောင်း
ဖော်လှစ်ပြောရန် ၊ လေဆန်လှန်၍
မှန်မှန်ပျံကာ သွားပါလေ ။

ရွှေကျေးငယ်ရေ ၊ တနယ်မြေစီ
ဝေးနေရချိန် ၊ ချစ်မမှိန်ပဲ
ချစ်ရှိန်တိုးကာ ၊ သွေးသစ္စာဖြင့်
မကွာချစ်ဆဲ ၊ လွမ်းနေမြဲဟု
ချစ်သဲမောင့်ထံ ပြောပါလေ။

ရွှေကျေးငယ်ရေ ၊ တနယ်မြေခြား
ရုန်းနေနေ့ည ၊ မောင့်ဘဝ၌
မကျစိတ်ဇွဲ ၊ အားမာန်မြဲလျက်
လူလဲကျန်းမာ ၊ စိတ်ချမ်းသာရေး
မေတ္တာပေးကြောင်း ပြောပါလေ ။

ရွှေကျေးငယ်ရေ ၊ ဝေးတမြေ၌
ဆောင်းလေသော့ရမ်း ၊ နှင်းမှုန်ဖြန်းစို
အချမ်းပိုလိမ့် ၊ စိုးထိတ်စိတ်ကို
ဖြေသိမ့်နိုင်ရန် ၊ မေ့ထံပြန်ရေး
အမြန်ပျံသန်း ပြောပါလေ။

ရွှေကျေးငယ်ရေ ၊ မေ့ရဲ့စေရာ
ခွန်းခြွေလွှာအား ၊ သိစေငြား၍
ပြန်ကြားစာလွှာ ၊ မောင့်လက်ရာကို
ယူကာကြည်မွေ့ ၊ နှလုံးတွေ့လျှက်
တစ်နေ့ မဆိုင်း ၊ လေစုန်လှိုင်းဖြင့်
တို့တိုင်း တို့ပြည် ပြန်ခဲ့လေ ။...

လရိပ်လေး (မောင်းမကန်)
(13 .11 .2013)

**မိတ်ဆွေစစ်**



စာအုပ်စာပေ ဖတ်ကြလေ
သုတရသ စုံလှပေ။

စာပေပညာ စဉ်လေးစား
စုတုပြုကာ မှတ်သားထား။

စာဖတ်များလျှင် ဥာဏ်လည်းရွှင်
တိုးတက်စေတဲ့ ကြောင်းရင်းပင်။

စာကောင်းတွေ့လျှင် မျှဝေသွား
ဖတ်ရှုသူတွက် အကျိုးများ။


လရိပ်လေး (မောင်းမကန်)
(၁၁ . ၁၁ .၂၀၁၃)

Wednesday, November 13, 2013

*****အုံ့ပုန်းချစ်*****


ခန့်ညားထယ်ဝါ ၊ မယ့်ရင်သာသည့်
ညမှာခြယ်မှုန်း ၊ လနှယ်ပြုံးကာ
နှလုံးကြည်လင် ၊ ပြစ်ကင်းစင်၍
ချစ်ချင်းဆောင်ငင် ၊ မောင့်သွင်ပြင်ကို
ရွှေရင်စွဲငြိ တွယ်မိတယ်။


ရင်ဝယ်လှုပ်ရှား ၊ နှလုံးသားက
စေစားမိန့်မြွက် ၊ ရွှန်းလဲ့လဲ့နှင့်
ကြင်ဖက်တူစုံ ၊ ချစ်ခွင့်ဆုံဖို့
ခိုလှုံသိမ့်သိမ့် ၊ အချစ်စိတ်ဖြင့်
တိတ်တိတ်ကလေး မျှော်မိတယ်။


နူးညံ့ဖြူစင် ၊ မောင့်ရင်ခွင်ကြား
ခိုဝင်နားကာ ၊ နွေးထွေးစွာဖြင့်
နှစ်လွှာအသဲ ၊ ယှဉ်လျှက်တွဲကာ
မခွဲအတူ ၊ ချစ်ကြည်ဖြူလျှက်
မငြုစူပဲ နေချင်တယ်။


စိတ်ဝယ်ရည်စူး ၊ အချစ်ဦးနှယ်
ပွင့်ဖူးချစ်ငွေ့ ၊ ရင်ဝယ်မွေ့လျှက်
ထွေးပွေ့ကြည်နူး ၊ အချစ်ဖူးတွေ
အဦးအဖျား ၊ မောင့်သဲကြားမှာ
ငွားငွားစွင့်စွင့် ပွင့်ချင်တယ်။


ရင်ဝယ်ဦးစွာ ၊ ချစ်မိပါလည်း
မောင့်မှာချစ်ဦး ၊ ရှိခဲ့ဖူးတော့
အရူးပုံနှယ် ၊ သောကကြွယ်လို့
ရင်ဝယ်ချပျိုး ၊ ချစ်စကြိုးကို
တိုးတိတ်ပုန်းပုန်း ၊ ဖြေလျှော့ရုန်းကာ
အုံ့ပုန်းလေးပဲ ချစ်တော့မယ်။...

လရိပ်လေး (မောင်းမကန်)
(၇ .၁၁ .၂၀၁၃ )

****ချစ်မီး****



ရွှေရင်ဝယ် တွယ်ငြိလို့
နွယ်မိသည့် ချစ်ကြိုးငယ်
ပူလွန်းလှတယ်။

မီးလိုနှယ်
ရင်ဝယ်ကျွမ်းလဲ (လည်း)။

နွမ်းပါစေ အံကြိတ်ခဲ
ချစ်စိတ်မွှန်ဆဲ။

လရိပ်လေး (မောင်းမကန်)
(၄ . ၁၁ .၂၀၁၃)