Friday, October 25, 2013
လွမ်းစိမ့်
တစ်ရံခါဆီ မှန်းကာရီလို့
ဝေ့သီမျက်ရည် လွမ်းတေးသီကာ
စာစီကဗျာ လွမ်းငွေ့ဖြာလျှက်
ရင်နာအသဲ ဖြေသာပဲလေ
စွဲမြဲလို့သာ လွမ်းစိတ်ဖြာ။
လရိပ်လေး (မောင်းမကန်)
(22 . 10 .03)
****ပစ္စက္ခပဉ္စလက်ရိုးရာ ၏ ငိုညဉ်းသံ***
ရာဇ၀င်တို့ရဲ့ သတို့သမီး
နန်းဆက်တို့ရဲ့ မှတ်တိုင်
မေတ္တာပန်း ရနံ့ဖြာစေသူ
တင်စားမှုပေါင်းစုံနဲ့
ရဲရင့်ရှင်သန်ခဲ့တဲ့ သူ။
သမိုင်းလမ်းက စွန့်စားခန်းမှာ
ပခုံးကြမ်းနဲ့ လုံးပမ်းပေးခဲ့တဲ့
အာဇာနည် မ။
ကိုတံငါတွေရဲ့ အလှဘုရင်မ
လယ်ယာတွေရဲ့ မဏ္ဍိုင်
ရိုးသားခြင်းကို လမ်းဖွင့်ပေးသူ။
နင်ဟာ
တို့ပြည်သူတွေဘ၀ ဖူလုံဖို့
လမ်းခရီး ချောမွေ့ဖို့
ယဉ်ကျေးမှု အမွေတွေ ကျန်ရစ်ဖို့
မမောတမ်း ကုန်းရုန်းနေသူပါ။
အခုတော့……….
လောင်ကျွမ်းခံဘ၀နဲ့
အိမ်မက်ဆိုးတွေ စိုးမိုးနေပြီလား….
ကကြိုးပျောက်လုလု မင်းသမီးလို
ရင်တမမဖြစ်နေပြီလား…..
ကိုယ်တိုင်ကျရှုံးခန်းကို
စင်တင်ပေးနေရပြီလား…..
မတွေးရက်တော့ဘူး ကွယ်။
နင်ဟာ…….
မြန်မာပြည်ရဲ့ အသက်သွေး
နှလုံးသား လှစွာနဲ့
ရာဇ၀င်တွေမှာ မြင့်မြတ်ခြင်းတွေ ချပျိုးခဲ့ပါရဲ့။
ဒါပေမဲ့…………….
လူညစ်တွေ စနက်အောက်
နှလုံးသွေး အဖောက်ခံ
လောကဓံလှည့်ကွက်ကြား
နင် ငိုကြွေးနေရပြီလေ။
နင့်ငိုညဉ်းသံတွေကြား
သမိုင်းလှဖို့ ၀ိုင်းသမရင်း
နင့်အိမ်မက်တွေ တခမ်းတနားဖြစ်ဖို့
ငါတို့တွေ သွေးရဲရဲမွေးပြီး
ကာကွယ်ကြမယ် မိဧရာ။
အနုပညာတွေနဲ့ ချခင်း
မြစ်နဒီရဲ့ချစ်ခြင်းတွေ
အမြစ်တွယ် ရှင်သန်စေဖို့
သွေးသစ္စာတိုင်တည်ရင်း
ပွင့်အံထွက်ကျလာမဲ့
နင့်ရဲ့ရီသံတွေ
ကြားရစေမယ် မိဧရာ။
လရိပ်လေး (မောင်းမကန်)
(14 . 9 . 03 )
***သွေးချင်းပမာ ကူညီပါ***
တမိတည်းဖွား သွေးချင်းများတွေ
ကွာခြားဝေးမြေ စိမ်းလို့နေလည်း
ရန်တွေကြုံလာ များသူငါက
ပေးလာဒုက္ခ သိရှိရချိန်
သွေးကြွနိုးကြား စိုးစိတ်ပွားလျှက်
ဗျာများသောက ဝေဖြာကျကာ
မရမနေ ကူရှာပေ။
မြန်မာများလည်း တိုင်းပြည်ထဲတွင်
ဖြစ်ဆဲဒုက္ခ အ၀၀ကို
မျှတခွဲဝေ သွေးချင်းတွေလို
မသွေစုစည်း ရေးတကြီးဖြင့်
သွေးနီးလို့သာ ပြည်ရေးရာကို
စာနာမေတ္တာ ဖေးမကာဖြင့်
မှန်စွာဟစ်ကြွေး ကူညီပေး။
ထိုမှသာလေ ပြည်စည်ဝေ၍
တိုင်းပြည်လူထု ပျော်တွေစုလို့
မမှုဒုက္ခ ချမ်းသာရကာ
မြန်းရစံအိမ် ပျော်တွေဝေ။
လရိပ်လေး (မောင်းမကန်)
(15 . 9 .03)
Friday, September 13, 2013
*****လွမ်းစိတ်ဖြာဝေ တို့ကျောင်းမြေ*****
တို့များငယ်ငယ် ဆယ်ကျော်ရွယ်မှာ
ဖြူစင်စွာပင် ကျောင်းစာသင်ဖို့
လက်တွဲလို့သွား ပေါင်းသင်းများနဲ့
ပျော်ပျော်ပါးပါး တူတူစားကာ
ကျောင်းပြန်တာလည်း တူတူပဲမို့
မှန်းဆလို့နေ တို့ကျောင်းမြေကို
အလွမ်းပိုကာ မျက်ရည်ဖြာ။
လရိပ်လေး (မောင်းမကန်)
(13 .9 . 03)
***အရိုင်းပန်း***
အရိုင်းဆန်လှ တောပန်းဘဝ
ချစ်ရမေတ္တာ ရှိခဲ့ပါလည်း
ဂုဏ်မာနကြား မ၀င့်ကြွားနိုင်
ချစ်အားရယ်ပြိုင် သစ္စာလှိုင်လည်း
မပိုင်ချစ်သဲ ကျန်ရစ်မြဲ။
အကျည်းတန်လှ မေ့ဘ၀၀ယ်
ပွင့်ရချစ်ပန်း ကြွေလွင့်နွမ်း၍
ချစ်လမ်းနဲ့ဝေး အမုန်းထွေးကာ
လွမ်းဆွေးဖိစီး အပူမီးသာ
ခရီးတစ်လျှောက် မီးနှယ်တောက်။
အရိုင်းဆန်ဆန် အကျည်းတန်လျှက်
ချစ်ဟန်ရယ်စွက် မေတ္တာဖက်လို့
ချစ်သက်တူယှဉ် ချစ်ရင်ခွင်မှာ
ခိုဝင်ကာပင် မှေးစက်ချင်လည်း
ဂုဏ်ရှင်လူသား မုန်းစကားကြောင့်
ချစ်အားရယ်ငယ် ညှိုးစိတ်ကြွယ်။
လရိပ်လေး (မောင်းမကန်)
(၁၁ . ၉ .၀၃ )
Sunday, September 8, 2013
*****လွမ်းလို့မဆုံး အမေ့ပြုံး*****
မြို့ကြီးပြကြီး ဘယ်မနီးပေ
ခရီးရယ်ကြမ်း ဘ၀လမ်းကို
လျှောက်လှမ်းလို့လေ သောကဝေလည်း
အမေစကား ရင်ဝယ်ထားလျှက်
စိတ်အားမငယ် လျှောက်ခဲ့တယ်။
လောကရိုက်ချက် ဝဲဂယက်လယ်
စိတ်လက်မရွှင် မုန်တိုင်းဆင်သို့
အစဉ်ကျရှုံး စိတ်တွေနှုံးလည်း
မေ့ပြုံးတစ်ခါ တွေးမိကာမျှ
ရင်မှာအင်အား ပြည့်ဝသွား။
နီးတဲ့ချိန်ခါ မသိသာလည်း
ဝေးရာရောက်မှ ပိုတမ်းတပြီ
လွမ်းရရက်တွေ ကြာရှည်နေလည်း
မပြေလည်သေး ဘဝရေးကြောင့်
အဝေးကနေ လွမ်းစိတ်ဝေကာ
အမေပျော်စေ မေတ္တာဝေလျှက်
စာတွေသီကုံး လွမ်းမဆုံး။
လရိပ်လေး (မောင်းမကန်)
(8 .9 . 03 )
Thursday, September 5, 2013
***လယ်ယာတို့မွေ ထိန်းသိမ်းလေ***
တို့များရွာမှာ ငယ်စဉ်ခါက
လယ်ယာများကြား ဆန်စပါးတွက်
မနားမနေ ရုန်းကန်လေကာ
ရွှံ့တွေထဲဆင်း ပျိုးနုတ်ရင်းသာ
လယ်ကွင်းတွေထဲ ပျော်တွေကဲ။
ဘိုးဘွားပိုင်မြေ လယ်ယာတွေမှာ
တူနေသွေးချင်း စုပေါင်းရင်းလေ
မညဉ်းမညူ တို့ပြည်လူထု
မပူမပင် စားစေချင်လို့
မျှော်မြင်ကြီးစွာ စိုက်ပျိုးလာ။
ခုနေချိန်ခါ တို့လယ်ယာမှာ
ရိုးရာမပျက် စိုက်ချင်လျက်လည်း
တိုးတက်စေရန် ပြောင်းလဲဟန်နှင့်
ကြံဖန်လှည့်စား လူညစ်များကြောင့်
မြေသားကွဲအက် ခြောက်သွေ့လျှက်။
ခေတ်ကိုဗန်းပြ ကိုယ်ကျိုးရဖို့
များလှလယ်မြေ ပျက်စီးစေကာ
ငွေတွေမက်မော အာဏာနှောလျှက်
တွေးတောဆင်ခြင် မလုပ်လျှင်ကား
သခင်မဲ့ရာ နွားပမာသာ
အစာရှားမှာ အသေချာ။
မြန်မာတွေတွက် ထမင်းသက်မို့
ရှေ့ဆက်လယ်ယာ ပျက်သုဉ်းပါမူ
အစာလည်းမဲ့ သိုက်လည်းပျက်သို့
အခက်တွေ့မှာ တကယ်သာမို့
လယ်ယာမြေတွေ တည်တံ့စေဖို့
တို့တွေအားလုံး ထိန်းသိမ်းစို့။
လရိပ်လေး (မောင်းမကန်)
(5 .9 03)
Subscribe to:
Posts (Atom)







