အသင်သည်ကား
ပညာများစွာ
တတ်ထားပါလျှက် စာနာမဲ့၍
မငဲ့အများ မသင်ကြားပဲ
သိမ်းထားသိုဝှက် အတ္တဖက်က
နေ့ရက်တွေသာ ကုန်ဆုံးလာ၍
ဘယ်မှာဥာဏ်ရည် ထက်မည်နည်း။
အသင်သည်ကား ဥစ္စာများစွာ
ပိုင်ထားပါလျှက် လောဘတက်ကာ
မရက်ရောပဲ အမြဲစွဲကာ
မခွဲမကွာ ဖက်တွယ်ပါက
ဘယ်မှာဒါန ရှိမည်နည်း။
အသင်သည်ကား အာဏာများစွာ
ပိုင်ထားပါလျှက် အများတွက်တာ
မရွက်ဆောင်ပဲ အတ္တကဲ၍
ကိုယ့်ထဲကိုသာ အရာရာသုံး
အဝိဇ္ဇာဖုံးလျှက် ကျင့်သုံးခဲ့က
ရှုံးသူလားရာ ငရဲသာမို့
ဘယ်ခါသူကောင်း ဖြစ်မည်နည်း။
လူရယ်ဖြစ်လာ ခဏတာတွင်
ပညာဥစ္စာ ရှိအာဏာကို
မှန်စွာကျင့်ထုံး ဒါနကုံး၍
မြတ်ဆုံးဘာသာ သာသနာကို
ဘယ်ခါမဖျက် စောင့်ထိန်းလျှက်ဖြင့်
မပျက်သဒ္ဒါ ရှိခဲ့ပါမူ
ဘယ်မှာငရဲ ကျမည်နည်း။

No comments:
Post a Comment