Pages

Wednesday, April 29, 2015

****ဘဝ****


ရန်ကုန်မြို့ကြား
လိုင်းကားကြီးကြီး တိုးကြိတ်စီးလျက်
ချွေးဒီးဒီးကျ ပင်းပန်းရလည်း
ဘဝဝမ်းရေး စဉ်းစားတွေး၍
အပြေးအလွှား အားတင်းထားကာ
နေ့များစွာတွက် ဖြတ်သန်းခဲ့၏။


နေ့ရက်များစွာ ဖြတ်သန်းပါလည်း
လိုရာပန်းတိုင် မရောက်နိုင်ခင်
ခိုင်မာသည့်ဇွဲ ဝီရိယမြဲလျက်
တိုက်ပွဲအသွင် စိတ်အားဆင်ကာ
သင်ယူလေ့လာ တွေ့ကြုံရှာ၏။

အောင်မြင်မှုကို ရယူလိုလျင်
သေခါနောက်ဆုံး မှတ်ယူထုံးဖြင့်
အပြုံးပန်းဆင် မြဲတမ်းသင်ကာ
ဆင်ခြင်လေ့လာ ပညာရှာ၍
ကြိုးစားသင့်တာ ငါသိလာ၏။

လရိပ်လေး (မောင်းမကန်)
30 - 4 -2015
http://layeiklay.blogspot.com/
Photo from Google

Sunday, April 26, 2015

***ဖိတ်ခေါ်သံ***


ရေလှိုင်းဖွေးဖွေး လေပြေအေးလျက်
အတွေးချဲ့စရာ ပင်လယ်ပြာသို့
လှမ်းလာခဲ့နော် တို့ဖိတ်ခေါ်။

ရေပြာကမ်းခြေ မောင်းမကန်မြေကို
မိတ်ဆွေများတွေ အပန်းဖြေဖို့
လာစေချင်တာ စိတ်ရင်းပါ။


လရိပ်လေး ( မောင်းမကန် )
26 . 4 . 2015
http://layeiklay.blogspot.com/

*****လွမ်းနှင့်သက်ဆိုင်သော*****


အချစ်သီအိုရီရဲ့ မပြောင်းလဲသောတည်ကိန်း
နှလုံးသားအား တစစီခြွေဖဲ့
ရှိုက်တည့်တည့်ကို စူးနှစ်စေရဲ့။

အချစ်ရဲ့ ရှင်သန်ခြင်းသစ်ပင်မှာ
အမြစ်တွယ် မပျက်ပြယ်သောကျိန်စာအဖြစ်
စက္ကန့်တိုင်းတူးဆွ မီးစလိုပူပြင်းစေရဲ့။

မမြဲခြင်းတရားက လက်မှိုင်ချ
မိုက်ရူးရဲဆန်လှပြီး
အသည်းစား ဘုရင်မ အဖြစ်
ရက်စက်သူ အာဏာရှင်။

အချစ်မရှိ ငွေမရှိ
မျှော်လင့်ချက်မရှိ ရည်မှန်းချက်မရှိလည်း
သူ့ရပ်တည်ခွင့် ပျောက်မသွား။

လရိပ်လေး ( မောင်းမကန် )
23 . 4 . 2015
http://layeiklay.blogspot.com/

***ရွာဓလေ့***


ဇာတ်အငြိမ့်က ညဝယ်ပြလျက်
များလှလူထု တိုးကြိတ်ရှုသည်
ရွာမှုဓလေ့ ဘယ်မမေ့။

လရိပ်လေး ( မောင်းမကန် )
23 . 4 . 2015

***နွေးထွေးမေတ္တာ***


ပန်းကြွေမြေခ နွမ်းကြေရသလို
လွမ်းလှရင်နာ ခွဲလို့လာပြီ
သာလှကမ်းခြေ မောင်းမကန်မြေ။

အမေ့မေတ္တာ အမေ့ရွာကို
စဉ်သာလွမ်းခြုံ ချစ်ခြင်းဆုံလျက်
တွေ့ကြုံမခွဲ နေချင်လဲလေ
မွဲလှကြမ္မာ ဘဝဝမ်းစာကြောင့်
ရင်နာရင်းလေ ခွဲလို့နေ။

တစ်ချိန်ချိန်မှာ အောင်မြင်လာလျင်
မေ့ရွာမေ့မြေ ခွဲမနေပဲ
ရေမြေ ကောင်းကျိုး ထမ်းသယ်ပိုးလျက်
မိုးပြာရောင်ချယ် ရွှေပင်လယ်ကို
ခင်တွယ်ရင်းလေ မွေးမေမေကို
ချစ်တွေပုံအော ပေးပါ့မယ်။

အဆင်မပြေ ဘဝခြေကြောင့်
လွမ်းစွေစေလျက် တာဝန်ပျက်တဲ့
ရက်စက်ထွက်ပြေး သမီးလေးကို
အဝေးမှတွေး နားလည်ပေးရင်း
နွေးထွေးမေတ္တာ ပေးပါအမေ။

လရိပ်လေး(မောင်းမကန်)
18 – 04 – 2015
http://layeiklay.blogspot.com

***ပျော်ရွှင်စရာ သင်္ကြန်ခါ***



ရွှေအိုရောင် ပိတောက်ပန်း
ပင်ယံနန်း ဝေဝေဆာ။
ရနံ့ဖြာ ကြိုင်လှိုင်သင်း
စိုပြည်ဝင်း သည်ချိန်ခါ။

တစ်နှစ်မှာ တခါထူး
ကြည်နူးစရာ သင်္ကြန်ခါမို့
တို့ရိုးရာ မပျက်စေရေး။

ကုသိုလ်ရေး ကူညီပေးကာဖြင့်
ယဉ်ကျေးစွာ ရေလောင်းပက်လို့ရယ်
သင်္ကြန်ရက်ဝယ် ပျော်ကြမယ်လေး။

လရိပ်လေး(မောင်းမကန်)
၁၄-၄-၂၀၁၅(အင်္ဂါနေ့)
http://layeiklay.blogspot.com

***နှစ်ကူး သင်္ကြန်***


ပိတောက်ပန်းဝေ
ဝါဝါရွှေ 
ရေတွေစိုရွဲ သင်္ကြန်ပွဲ။

တူနွဲယှဉ်ပျော်
လက်တွဲဖော်
တွဲခေါ်ကစား ရေတွေကြား။

ဒါနလည်းဖက်
ရေလည်းပက်
နှစ်သက်ကြည်နူး ဒီနှစ်ကူး။

လရိပ်လေး(မောင်းမကန်)
12-4-2015 (တနင်္ဂနွေနေ့)
http://layeiklay.blogspot.com

Thursday, April 9, 2015

***တမ်းတသင်္ကြန်***


ကမ္ဘာတလွှား ပြိုင်စံရှားသည့်
တို့များသင်္ကြန် ရောက်ခဲ့ပြန်လည်း
ပြန်လှန်ကာတွေး ဝမ်းစာရေးကြောင့်
အဝေးမှလေ လွမ်းလျက်နေမည့်
ရေမြေနယ်ခြား မိတ်ဆွေများကို
စိတ်ထားမှန်ဖြင့် တမ်းတသည်။


သင်္ကြန်ချိန်ဆို လွမ်းအားပို၍
ရင်ဖိုစိတ်ကူး အတွေးထူးဖြင့်
ရည်စူးမိဘ ကန်တော့ရဖို့
ခွင့်ကမသာ ကံကြမ္မာကြောင့်
မှန်းကာလွမ်းဝေ မိတ်ဆွေတွေကို
စိတ်တွေနွမ်းရင်း တမ်းတသည်။

နောင်များဘဝ လူဖြစ်ရလျင်
တူမျှဖြစ်တည် တို့မြန်ပြည်ဝယ်
ရေရှည်လုပ်ကိုင် မြဲရနိုင်လျက်
တို့ပိုင်မြေကြီး ရွှေငွေသီးကာ
အထီးကျန်လှ ဝေးရောက်ရသည့်
ဘဝကြွေးတွေ ကင်းပါစေကြောင်း
ဆုချွေ တောင်းရင်း တမ်းတသည်။

ခုများချိန်ခါ လွမ်းနေပါလည်း
ရင်မှာအားမွေး နောင်ရေးတွေးလျက်
မွေးရပ်မြေခြား ကိုယ့်ခွန်အားဖြင့်
စိတ်ထားဖြောင့်မှန် မြန်ရုန်းကန်ကာ
သင်္ကြန်ချိန်ခါ နှစ်များစွာကို
ကြုံပါစေကြောင်း မေတ္တာလောင်း၍
စိတ်ကောင်းထားရင်း တမ်းတသည်။
လရိပ်လေး(မောင်းမကန်)
7 – 4 - 2015
http://layeiklay.blogspot.com

***အိမ်ပြန်ချိန်***


ပိတောက်ရွှေဝါ ဖူးပွင့်ပါသည့်
ချိန်ခါရာသီ သင်္ကြန်မှီဖို့
ရွာဆီမျော်တွေး ပြန်ချိန်လေး။
လရိပ်လေး(မောင်းမကန်)
6 - 4 - 2015
http://layeiklay.blogspot.com

***မတူထူးခြား စိန်ပွင့်လေးများ***


သင်တန်းကာလ ကုန်ဆုံးရချိန်
တူမျှမေတ္တာ တွယ်ငြိပါလျက်
ပါးမှာမိုးစွေ မျက်ရည်တွေနဲ့
မသွေခွဲခွာရတော့မလေ။

တို့များခွဲခွာ ဝေးခဲ့ပါလည်း
နေရာဝန်းကျင် အလင်းမြင်ဖို့
ပြုံးရွှင်စိတ်ဖြင့် ကြင်နာဆင့်ကာ
ရဲရင့်စိတ်တွေ မွေးကြမလေ။
တိုင်းပြည်လူမျိုး မြန်ဖွံ့ဖြိုးဖို့
အားကျိုးမာန်တက် ဆောင်ရွက်ချက်နှင့်
ထက်မြက်စိတ်အား လက်တွဲထားလျက်
တို့များတတွေ ရှေ့ဆက်မလေ။
လရိပ်လေး(မောင်းမကန်)
27 – 03 - 2015
http://layeiklay.blogspot.com/

***ရှင်သန်ခြင်းပန်းပွင့်***


အဝေးကိုရောက် လမ်းစပျောက်လည်း
ရှေ့လျှောက်ပန်းတိုင် ရောက်လှမ်းနိုင်ဖို့
ပိုင်ပိုင်စိတ်ကူး ဉာဏ်ကွန့်မြူးလျက်
စူးစိုက်အားအင် သတိယှဉ်ကာ
ပိုင်ရှင်ဖြစ်စေ ကြိုးစားလေ။

အောင်မြင်လိုလျင် ဆုံးရှုံးစဉ်ဝယ်
ရှုမြင်တွေကြုံ ဉာဏ်နဲ့ခြုံကာ
ဆုံလာသမျှ သုံးသပ်ပြ၍
မှန်းဆပန်းတိုင် ဖမ်းဆုပ်ကိုင်လျက်
မယိုင်မလဲ ရှေ့ဆက်လေ။
အောင်မြင်လာက ဘဝမှစ
မိဘရင်ခွင် ပြန်ခိုဝင်လျက်
ချစ်ခင်စုံဖက် တိုင်းပြည်တွက်ပါ
ထွေးယှက်မေတ္တာ ဆင်တန်ဆာသို့
ကာကွယ်နိုင်မှာ အမှန်ပါ။
လရိပ်လေး(မောင်းမကန်)
26 – 03 - 2015
http://layeiklay.blogspot.com/